ထိုင်းဘေးမဲ့တောအတွင်းမှ တောရိုင်းတိရစ္ဆာန် ဖမ်းဆီးသူ ထိုင်းကရင်မုဆိုး ၂ ဦးကို ဖမ်းမိ
DVB
·
July 20, 2015
ထိုင်းနိုင်ငံတွင်း ပိုင်နက်ကျူးလွန်ပြီး တောဝက်တစ်ကောင်အပါအ၀င် တောရိုင်းတိရစ္ဆာန်ကျူးကျော် ဖမ်းဆီးသူ ကရင်အမျိုးသား ၂ ဦးကို စူဝမ်ဖန်ခရိုင်၊ ဖချီမြစ်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောထဲမှာ ဇူလိုင်လ ၁၉ ရက်မှာဖမ်း ဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာဖော်ပြပါတယ်။
ဒမ်နဲ့ချို အမည်ရအဲဒီ ထိုင်းကရင်အမျိုးသား ၂ ဦးဟာ အခြားအမျိုးသား ၁ ဦးနဲ့အတူ အနီးပစ် သေနတ်တစ်လက်နဲ့ ဓာတ်မြေသြဇာအိတ်တွေကို တောင်စောင်းအတိုင်းသယ်လာတဲ့ အချိန်မှာ ဘေးမဲ့တောတာဝန်ကျစစ်သား ၈ ယောက်က ဖမ်းဆီးဖို့ကြိုးစားခဲ့ကြတာပါ။
သူတို ၃ ဦးစလုံးဟာ တန်နောင်စရီခရိုင်၊ ဘန်းဟွီနန်းနက်ခ်ဒေသက ဖြစ်ပြီး အမည်မသိတဲ့ အမျိုးသားကတော့ အဲဒီအချိန်မှာ အိတ်တွေနဲ့ အနီးပစ် သေနတ်ကိုပစ်ချခဲ့ပြီး ထွက်ပြေးသွား ခဲ့ပါတယ်။
သူတို့ရဲ့အိတ်တွေထဲမှာ တောဝက်ခေါင်းတခေါင်း၊ ရေချိုလိပ်အရှင်တ ကောင်၊ ဖွတ်အရှင် ၂ ကောင်၊ အသေတကောင်အပါအ၀င် တောရိုင်းတိရစ္ဆာန် အသားတွေ တွေ့ရှိခဲ့တယ်လို့ သတင်းကဆိုပါတယ်။
သူတို့ကို စူဝမ်ဖမ်ခရိုင်ရဲစခန်းကို ပို့ဆောင်ထားပြီး တရားမ၀င်အမဲလိုက်ဖမ်းဆီးခြင်းအတွက် ပြစ်ဒဏ်စီရင်မှာ ဖြစ်ပြီး ရဲက ထွက်ပြေးလွတ်မြောက်သူကို ရှာဖွေနေပါတယ်။