ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ရုံးပြန်ချိန်း
အေးနိုင်
·
May 27, 2011
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ အမှုကို မေ ၂၆ ရက်က အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်ပြီး သက်သေတွေကို စစ်ဆေးပါတယ်။
သက်သေ ရှစ်ဦးအနက် ငါးဦးကို စစ်ဆေးပြီးပြီဖြစ်လို့ သုံးဦးစစ်ဖို့ ကျန်ရှိသေးတယ်လို့ ကိုနေမျိုးဇင်ရဲ့ မိခင် ဒေါ်ခင်သီက ရှေ့နေတွေထံက သိရချက်ကို ပြန်ပြောပါတယ်။ ဒီအမှုကိုလာမယ့် ဇွန်လ (၂) ရက်နေ့ကို ပြန်ချိန်းလိုက်တယ်လို့ ဆိုပါတယ်။
အန်အယ်လ်ဒီလူငယ်တွေနဲ့အတူ သွေးကူညီပေးနေတဲ့ ကိုနေမျိုးဇင်ကို သက်ဆိုင်ရာက စစ်ကြောတဲ့အခါ ကိုယ်ပိုင်ကွန်ပျူတာထဲမှာ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုတဲ့ စကားလုံးကြောင့် အီလက်ထရောနစ်ပုဒ်မနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
ထောင်အာဏာပိုင်တွေက ကိုနေမျိုးဇင်ရဲ့ ရုံးထုတ်တိုင်း မိသားစုဝင်တွေကို တရားခွင် နားထောင်ခွင့် ပိတ်ထားပါတယ်။