Home
ဆောင်းပါး
မြေလျှိုးမိုးပျံ လွတ်မြောက်သွားပြန်တဲ့ မူးယစ်ရာဇာ ၀ါကင်းဂွဇ်မန်
DVB
·
July 20, 2015
တန်ခိုးထွားလှတဲ့ ဆင်နာလောင် ကုမ္ပဏီစုကြီးရဲ့ခေါင်းဆောင်နဲ့မက္ကဆီကန် ထိပ်တန်း မူးယစ်ရာဇာ ၀ါကင်းဂွဇ်မန်တယောက် ဒုတိယ အကြိမ်မြောက် မက္ကဆီကိုနိုင်ငံရဲ့ လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်ကြီးဖြစ်တဲ့ အယ်လ်ပလာတီနို အကျဉ်းထောင်ကြီးကနေ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ထောင်ဖောက်ထွက်ပြေးမှု အောင်မြင်လွတ်မြောက်သွားပြန်ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၀၁ ခုနှစ် ပထမအကြိမ် ထွက်ပြေးလွတ်မြောက်မှုကတော့ အ၀တ်လျှော်ဝန်ဆောင်မှု လှည်းထဲမှာ ပုန်းပြီး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခုတကြိမ် လွတ်မြောက်မှုကတော့ သူခေါင်းဆောင်နေတဲ့ ဆင်နာလောင် ကုမ္ပဏီစုကြီး ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ချမ်းသာလာတဲ့အထိ လုပ်ကိုင်ခဲ့တဲ့ ကိုကင်း၊ ဟဲရိုးအင်းနဲ့ ဆေးခြောက် မှောင်ခိုရောင်းဝယ်ဖောက်ကားမှုမှာ သူအသုံးပြုခဲ့တဲ့ နည်းဖြစ်တဲ့ အမေရိကန်-မက္ကဆီကန် နယ်စပ်မှာ သေသပ်တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းဖောက် သယ်ပို့တဲ့နည်းကို အသုံးပြုသွားခဲ့တာပါ။ ဒါပေမယ့် အလွန်အံ့သြစရာ ကောင်းလောက်အောင် သပ်ရပ်တဲ့ မြေအောက် ပေ ၃၀ ကနေ ၁ မိုင်နီးပါး ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်း လမ်းကနေ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၁ ရက် စနေနေ့ သူ့ရဲ့ ထွက်ပြေးလွတ်မြောက်သွားမှုက ၂၀၀၁ ခုနှစ်က ဂွဇ်မန်ရဲ့ ထွက်ပြေးလွတ်မြောက်မှုမျိုး နောက်ထပ် ဘယ်တော့မှ ထပ်မဖြစ်တော့ပါဘူးလို့ ကတိပေးခဲ့တဲ့ တာဝန်ရှိ အရာရှိတွေကို အရှက်ရသွားစေပါတယ်။ ပိုပြီး အရှက်ရသွားရစေတဲ့ အချက်ကတော့ အဲဒီ ဥမင်လိုဏ်ခေါင်းလမ်းကြောင်းကို ဂွဇ်မန်က သူ့ရဲ့ အကျဉ်းထောင်လုံခြုံရေး အတင်းကျပ်ဆုံး အပိုင်းမှာရှိတဲ့ သူ့ရဲ့အချုပ်ခန်း ရေချိုးခန်းအောက် မြေအောက်ပေ ၃၀ အနက်ကနေ ၁ မိုင်နီးပါး ရှည်လျားအောင် အကျဉ်းထောင်ကနေ ၀ ဒသမ ၇ မိုင်ဝေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုထိ ဖောက်လုပ်ပြီး လွတ်မြောက် ထွက်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ယူဆရတာကတော့ ဂွဇ်မန်ဟာ သူ့အချုပ်ခန်း ရေချိုးခန်းအောက်ခြေမှာ ဖောက်ထားတဲ့ နှစ်ပေပတ်လည်ရှိ အပေါက်ကနေ ဆင်းပြီး ဥမင်လမ်းကြောင်းကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ဥမင်ထဲမှာ လျှပ်စစ်မီး၊ လေ၀င်လေထွက်နဲ့ တွန်းလှည်းတွေ၊ အောက်ဆီဂျင်ဘူးတွေနဲ့ ငြမ်းဆင်ပစ္စည်းတွေအထိ အတော်ပြည့်ပြည့်စုံစုံ ထည့်သွင်းထားနိုင်ရုံသာ မဟုတ်သေးဘဲ တူးထားတဲ့ မြေဇာတွေကို သယ်ထုတ်ပေးရာမှာ သုံးခဲ့တဲ့ မိုတာဆိုင်ကယ်တစီးကိုလည်း တွေ့ရပါတယ်။ အဲဒီ ၅ ဒသမ ၆ ပေမြင့်တဲ့ ဥမင်လိုဏ်ခေါင်းလမ်းက အနားမှာရှိတဲ့ အခြေခံ ဆောက်လုပ်ရေးအဆင့်ပဲ ရှိသေးတဲ့ လုပ်ငန်းခွင်တခုအထိ ရောက်ပြီး အဲဒီအထိ သူက မြေသယ်မိုတာဆိုင်ကယ်ကို စီးပြီး အဲဒီမှာ ဖောက်ထားတဲ့ ထွက်ပေါက်ကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းထက်လှတဲ့ ထွက်ပြေးလွတ်မြာက်မှုနဲ့ ပတ်သက်ပြီး လော့စ်အင်ဂျလစ်စ် တိုင်းမ် သတင်းစာကြီးကနေ တခမ်းတနား “အသေးစား အင်ဂျင်နီယာရဲ့ အကောင်းဆုံးလက်ရာတခု” လို့ တင်စားရေးသားပြီး အသေးစိတ် ရေးသားဖော်ပြပေးခဲ့ပါတယ်။ တကယ်လည်း မူးယစ်ရာဇာ ဂွဇ်မန်ဟာ ဥမင်ဖောက်အတတ်ပညာမှာ ကျွမ်းကျင်ခဲ့တယ်လို့ ပြောရမယ့် အကြောင်းတခုကတော့ ၂၀၁၄ ခုနှစ်အတွင်း သူ့ကို မက္ကဆီကို အာဏာပိုင်တွေက ချောင်ပိတ်ဖမ်းဖို့ ကြိုးစားတဲ့အချိန်မှာ သူက မတူကွဲပြားတဲ့ အိမ် ၆ လုံးကို ဆက်စပ်ထားတဲ့ ရှုပ်ထွေးတဲ့ ဥမင်စနစ်တခုကို အသုံးပြုပြီး လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူက ၀င်ပေါက်ကို ရေစိမ်ချိုးတဲ့ကန်ရဲ့အောက်မှာ ဖွက်ဖုံး ဖောက်ထားခဲ့တာပါ။ ခုတကြိမ် ထွက်ပြေးလွတ်မြောက်မှုကတော့ သူ့ရဲ့ယုံကြည်မှု အထင်ကြီးလောက်စရာ အင်ဂျင်နီယာ အတတ်ပညာနဲ့ ပါဝင်ပတ်သက်နိုင်တဲ့ ကြံရာပါ အကျင့်ပျက် လာဘ်စားမှုတွေကြောင့် ကြားရ သိရသူတွေအားလုံး တအံ့တသြ ဖြစ်ခဲ့ကြရပါတယ်။ လုံခြုံရေးအစောင့်တွေကတော့ ဂွဇ်မန်ကို ရေချိုးခန်းထဲ ၀င်သွားတာသာ တွေ့လိုက်ရပြီး အဲဒီကတည်းက ပြန်ထွက်လာတာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ အကျဉ်းထောင်ဝန်ထမ်း အယောက် ၃၀ နီးပါးဟာ စစ်ဆေးမေးမြန်းခံရဖို့ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဂွဇ်မန်ဟာ အရင်တုန်းကတည်းက သူ့မှာ လိုရင်သုံးဖို့ အကျဉ်းထောင်ဝန်ထမ်း အဆင့်အမျိုးမျိုးကို သူ လစာပေးထားရတယ်လို့ ကြွားလုံးထုတ်ခဲ့တာတွေ လုပ်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ဆင်နာလော ကာတယ်လ်ဟာ သိပ်မကြာခင် နှစ်တွေအတွင်း မက္ကဆီကိုမှာဖြစ်ခဲ့တဲ့ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့် ဂွဇ်မန်ရဲ့ ရဲရင့်ဝံ့စားတဲ့ ထွက်ပြေးလွတ်မြောက်မှုတွေနဲ့ ဖမ်းဆီးမှုတွေကို ရှောင်တိမ်းနိုင်မှုတွေကြောင့် သူ့အကြောင်းဟာ မက္ကဆီကိုနိုင်ငံမှာ ရိုးရာပုံပြင်တပုဒ်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူ့ကို နိုင်ငံတကာက အလိုရှိနေတာဖြစ်ပြီး ဖမ်းဆီးပြီး မက္ကဆီကို အစိုးရဆီကို လွှဲပြောင်းပေးဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် အာဏာပိုင်တွေ အတွက်ကတော့ ခုနောက်ဆုံး ထွက်ပြေးလွတ်မြောက်မှုကို အံကြိတ်ခံပြင်းကြမှာပါပဲ။ မက္ကဆီကို သမ္မတ အန်ရစ် ပေနော်နီတိုရဲ့ အစိုးရအတွက်လည်း သူ့ရဲ့ ထွက်ပြေးလွတ်မြောက်မှုဟာ အကြီးအကျယ် အရှက်ရစရာ ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ အယ်လ် ပလာတီနို အကျဉ်းထောင်ကြီးဟာ မြို့တော် မက္ကဆီကိုနဲ့ ၅၆ မိုင်အကွာမှာ တည်ထားတဲ့ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင် ဖြစ်ပါတယ်။ ဒီလို အကျဉ်းထောင်ရဲ့ လုံခြုံရေး အတင်းကျပ်ဆုံး အပိုင်းမှာရှိတဲ့ သူ့ရဲ့ အချုပ်ခန်း ရေခ်ျိုးခန်းအောက်က ဖောက်ထွက် လွတ်မြောက်သွားနိုင်ခဲ့တဲ့ မူးယစ်ရာဇာ ဂွဇ်မန်ဟာ ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းထောင် ၀န်ထမ်းတချို့ရဲ့ ပူးပေါင်းပါဝင်မှု မရှိဘဲနဲ့တော့ ဒီလိုမျိုး အရှည် ၁ မိုင်နီးပါး၊ အမြင့် ၅ ဒသမ ၆ ပေနဲ့ အကျယ် ၂ ပေခွဲရှိတဲ့ အင်ဂျင်နီယာ နည်းပညာသုံး ဥမင်လိုဏ်ခေါင်းတခုကို ဖောက်လုပ်နိုင်ခဲ့ဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောရမှာပါပဲ။ နောက် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ တနှစ်လောက် အချိန်ယူ ဖောက်လုပ်ရမှာ ဖြစ်တဲ့အတွက် အဲဒီလောက် အချိန်ကာလအတွင်း ဒီလို ဥမင်တူးနေတာကို ၀န်ထမ်းတွေ၊ အာဏာပိုင်တွေ မသိခဲ့ဘူး ဆိုတာကလည်း ပိုပြီး မဖြစ်တဲ့ အကြောင်းတခုလို့ ဆိုနိုင်ပါတယ်။ ဂွဇ်မန်ဟာ ဆယ်စုနှစ် တခုကျော် ထွက်ပြေးလွတ်မြောက်နေရာက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြန်ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်က အသက် ၅၆ နှစ်လို့ စာရင်းသွင်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မွေးနေ့သက္ကရာဇ်တွေကလည်း အမျိုးမျိုးရှိနေလို့ သူ့အသက်ကို အတိအကျပြောဖို့ ခက်ပါတယ်။ သူဟာ အမေရိကန် ပြည်ထောင်စု ဖက်ဒရယ် မူးယစ်ဆေးဝါး မောင်ခိုကုန်ကူးမှု ပြစ်မှုပေါင်းများစွာ ရင်ဆိုင်နေရသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါး ထိန်းချုပ်တားဆီးရေး အဖွဲ့ရဲ့ အလိုအရှိဆုံး သူတယောက်လည်း ဖြစ်ပါတယ်။ သူဟာ ၀ရမ်းပြေးဘ၀မှာ အလယ်အလတ်အဆင့် မက္ကဆီကန် မူးယစ်ဂိုဏ်းခေါင်းဆောင်တယောက် အဖြစ်ကနေ ကမ္ဘာ့ သြဇာအာဏာအရှိဆုံး မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် တယောက်အဖြစ် ကူးပြောင်းရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကိုတော့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းထားခဲ့ကြပြီး ကမ္ဘာကျော် ဖုတ်ဘ် မဂ္ဂဇင်းကြီးကတော့ သူ့ကို ကမ္ဘာ့သြဇာအာဏာ အရှိဆုံးသူတွေထဲမှာ အဆင့်သတ်မှတ်ချက် အနေနဲ့ ပြင်သစ်သမ္မတနဲ့ ဗင်နီဇွဲလား သမ္မတတို့ရဲ့ အထက်မှာ သတ်မှတ်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဆင်နာလော ကာတယ်လ်ရဲ့ အင်ပါယာဟာ မြောက်အမေရိက တ၀ှမ်းလုံးကနေ ဥရောပနဲ့ သြစတြေးလျအထိ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မက္ကဆီကိုနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို မူးယစ်ဆေးဝါး စစ်ပွဲတွေမှာ သူ့ရဲ့ကာတယ်လ်က နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခဲ့ပြီး ခန့်မှန်းခြေ လူ ၁ သိန်းလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ခုချိန်မှာတော့ ဒီလို အစွမ်းထက် သြဇာကြီးမားတဲ့ မူးယစ်ရာဇာကြီးဟာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပြီး ကမ္ဘာရဲ့ဘယ်နေရာ ဘယ်ဒေသမှာ ပြန်ပေါ်လာပြီး လူသားတွေကို ဘယ်လို ဒုက္ခမျိုးတွေ ပေးလာအုံးမလဲ၊ သက်ဆိုင်ရာ နိုင်ငံတွေက ဥပဒေထိန်းသိမ်းရေး အဖွဲ့တွေက အလျှင်အမြန်ပြန်ပြီး ဖမ်းဆီးနိုင်ပါ့မလား ဆိုတာကတော့ ………..။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024