A d v e r t i s e m e n t With Us

အိုင်အက်စ် စစ်ဆင်ရေး အီရတ်နှင့် မဟာမိတ်တပ်ဖွဲ့ အပြင်းအထန်ဆင်နွှဲ

ဓာတ်ပုံ - ရိုက်တာ
အီရတ်နိုင်ငံ အနောက်ပိုင်းက အန်ဘာပြည်နယ်အတွင်း အိုင်အက်စ် အကြမ်းဖက် စစ်ဆင်ရေးကို အီရတ်စစ်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ အပြင်းအထန် ဆက်လက် ဆင်နွှဲနေကြပါတယ်။ အီရတ်စစ်တပ်နဲ့အတူ ဟက်ရှ် အယ်လ် ရှားအဘီ (Hashd al-Shaabi) ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေ၊ ဒေသခံ ဆွန်နီမွတ်စလင် တိုက်ခိုက်ရေးသမားတွေ ပူးပေါင်းပါဝင်ပြီး အန်ဘာပြည်နယ်အတွင်း အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ အဓိကမြို့ရွာတွေကို ပြန်လည်သိမ်းပိုက်ဖို့ အကြီးအကျယ် ထိုးစစ်ဆင်နေတာပါ။ မြို့တော် ဘဂ္ဂဒက်ရဲ့ မိုင် ၅၀ အကွာကနေ ခြိမ်းခြောက်နေတဲ့ ဖာလူဂျာမြို့ကို အိုင်အက်စ်တွေလက်ကနေ ပြန်လည်သိမ်းပိုက်ရရှိရေး အီရတ်စစ်တပ်အတွက် အလွန်အရေးကြီးနေတယ်လို့ ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့မေလ အန်ဘာပြည်နယ်ထဲက အဓိကကျတဲ့ ရာမာဒီမြို့နဲ့ ဖာလူဂျာမြို့တွေ အတော်များများ အိုင်အက်စ်လက်ထဲ ကျရောက်ခဲ့တာပါ။ ဖာလူဂျာမြို့ဟာ အန်ဘာပြည်နယ်မြို့တော် ရာမာဒီမြို့နဲ့ ဘဂ္ဂဒက်မြို့တော်အကြားက မဟာဗျူဟာ အချက်အချာကျတဲ့မြို့ ဖြစ်ပါတယ်။ ဖာလူဂျာမြို့ဟာ အိုင်အက်စ်တပ်ဖွဲ့တွေ သိမ်းပိုက်ခံထားရတဲ့ မြို့တော် ဘဂ္ဂဒက်နဲ့ အနီးဆုံးမြို့ဖြစ်ပြီး အိုင်အက်စ်တွေ စစ်သားစုဆောင်းရေး၊ လက်နက်စက်ရုံတရုံနဲ့ လက်နက်ပစ္စည်း ထောက်ပံ့ရေး လမ်းကြောင်းမှာ တည်ရှိနေတာတွေကြောင့် ဒီမြို့ကို သိမ်းပိုက်နိုင်ရေးဟာ အီရတ်စစ်တပ်အတွက် အသည်းအသန် ဖြစ်နေတာလို့ အီရတ် နိုင်ငံရေး ကျွမ်းကျင်သူ အလီဟူစိန်က ဆိုပါတယ်။ ဒီစစ်ဆင်ရေးအတွက် အမေရိကန်နိုင်ငံက မှာယူခဲ့တဲ့ F-16 တိုက်လေယာဉ် ၃၆ စီးအနက် ပထမအသုတ် ၄ စီး ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ရောက်ရှိခဲ့တာကြောင့် မြေပြင်တပ်ဖွဲ့တွေအတွက် လေကြောင်းပစ်ကူမှုတွေ ထိထိရောက်ရောက် ပေးနိုင်မယ်လို့ နိုင်ငံရေး သုံးသပ်သူ အဗ္ဗဒူလ် ကာရင် (Abdul Karim) က သုံးသပ်ပြောဆိုပါတယ်။ အန်ဘာပြည်နယ်ဟာ ဆီးရီးယားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် အိုင်အက်စ် အသိမ်းပိုက်ခံ ဆီးရီးယားနယ်မြေတွေကနေ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ရည်ရွယ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up