နယ်ခြားစောင့်တပ် ဗိုလ်မှူးတဦး ပစ်ခတ်ခံရ
နော်နိုရင်း
·
May 27, 2011
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထီလုံရွာအနီးမှာ အခြေစိုက်တဲ့ ဗိုလ်မှူး ဘသိန်းရဲ့ အခြေစိုက်နေရာကို အမည်မသိ သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ရဲဘော် ၃ ဦး ကျဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဗိုလ်မှူးဘသိန်းဟာ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၂ တပ်က စီးပွားရေးတာဝန်ခံဖြစ်ပြီး ထီလုံရွာ အနီးက သူ့ရော်ခြံမှာ အနားယူနေစဉ် အခုလ ၂၄ ရက်နေ့ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဗိုလ်မှူး ဘသိန်းက ထိခိုက်မှုမရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“သူကတော့ အပစ်မခံရဘူး။ ခြံထဲမှာပဲ ဝင်စီးသွားတယ်။ သူကတော့ အပြင်မှာ ကားထဲမှာ အဲယားကွန်းဖွင့်ပြီး အိပ်နေတော့ သူကတော့ ဘာမှမဖြစ်သွားဘူးလို့ ဒီမနက်က သတင်းကြားရတယ်။ ကေအန်ယူဘက်က ဝင်ပစ်တယ်လို့ ကြားတယ်။”
ကရင်အမျိုးသားအစည်းအရုံးက ဝင်ရောက် ပစ်ခတ်တာလို့ ပြောဆိုပေမယ့် သူတို့ နယ်ခြားစောင့်တပ်အချင်းချင်း ပစ်ခတ်တာလို့ ကေအန်ယူ တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက ဆိုပါတယ်။
“ဟိုလွန်ခဲ့တဲ့ ၂၄ ရက်နေ့တုန်းက အရာရှိကို ပြန်ပစ်တာ ရှိတယ်။ မြို့နယ်က ကားလမ်းနံဘေးမှာ ရဲဘော်တွေ ၁၀၁၂ က သူ့အရာရှိကို ပြန်ပစ်တဲ့ သတင်းကြားတော့ ဗိုလ်မှူး ဘသိန်း ဖြစ်နေတယ်။ သူ့တော့ ဘာမှမဖြစ်ဘူး။ သုံးယောက် သေတယ် ကြားတယ်၊ တပည့်တွေထဲက။”