A d v e r t i s e m e n t With Us

ဖိလစ်ပိုင်တွင် ကိုယ်လက်လေ့ကျင့်ခန်းကပွဲ လူအများဆုံးဖြင့် ဂင်းနစ်စံချိန်တင် (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဇူလိုင် ၁၉ ရက်နေ့က ကျင်းပတဲ့ ဇွန်ဘား (Zumba) ကိုယ်လက်လေ့ကျင့်ခန်းကပွဲဟာ ကမ္ဘာပေါ်မှာ ပါဝင်သူ အရေအတွက် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်း ၀င်သွားပါတယ်။ ဇွန်ဘား ကိုယ်လက်အားကစားကပွဲဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ ကိုလံဘီယာ အကပညာရှင်တဦးက တေးဂီတနဲ့ ကျန်းမာရေး လေ့ကျင့်ခန်းကို ပေါင်းစပ်ပြီး တီထွင်ခဲ့တာပါ။ မနီလာမြို့တော်ရှိ မန်းဒါလုယုံ (Mandaluyong) မြို့နယ်မှာ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက အင်္ကျီအ၀ါရောင် တီရှပ်တွေ ၀တ်ဆင်ပြီး ပါဝင်လေ့ကျင့်ခန်းလုပ်သူ ၁၂၉၇၅ ဦးဟာ နာရီဝက်ကြာ လေ့ကျင့်ခန်း လုပ်ခဲ့ကြတာပါ။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ် အကဲဖြတ် အလန်ပစ်စ်လေ (Alan Pixley) က နောက်ဆုံး ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဖြစ်တဲ့ ပါဝင်သူ ၈၂၃၂ ဦးကို စံချိန်ချိုးပြီး အခုတခေါက်မှာ ပါဝင်သူအားလုံး ၁၂၉၇၅ ဦးနဲ့ စံချိန်သစ်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ကမ္ဘာ့စံချိန်ကတော့ ပါဝင်လေ့ကျင့်ခန်းလုပ်သူ ၈၂၃၂ ဦးရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ မန်းဒါလုယုံမြို့တော်ဝန်က အခုနှစ်ပွဲမှာ ကုလသမဂ္ဂ အဖွဲ့ကြီးကပေးတဲ့ ဆုကိုရော၊ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်သစ်ဆုပါ ၁ နှစ်တည်း နှစ်ထပ်ကွမ်း ရရှိခဲ့တဲ့အတွက် ၀မ်းသာရတယ်၊ ဖိလစ်ပိုင်ပြည်သူတွေရဲ့ ကျန်းမာရေး ဘ၀စတိုင်လ် (Life style) အတွက် အထူးအားရ ဂုဏ်ယူတယ်လို့ ပြောဆိုခဲ့တာပါ။ မနီလာမြို့တော် ဒေသခံ အာဏာပိုင်တွေဟာ စနေ၊ တနင်္ဂနွေနေ့ ရုံးပိတ်ရက်တွေမှာ အခုလို ကျန်းမာရေး လေ့ကျင့်ကပွဲတွေကို လမ်းဆုံလမ်းခွတွေမှာ တက်တက်ကြွကြွ ဦးဆောင်ကျင်းပပေးနေတာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကလည်း အမျိုးသမီးတွေ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး အခုလို ကျန်းမာရေးကပွဲကြီးတခုကို စီစဉ်ကျင်းပခဲ့ကြပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up