နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲ ဆက်လုပ်မည်
မောင်တူး
·
May 26, 2011
နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်ရေး ဆုတောင်းပွဲကို ဆက်လက်လုပ်ဆောင်မယ်လို့ ထောင်က လွတ်လာတဲ့ အင်္ဂါဘုရားဖူးအဖွဲ့မှ နော်အုန်းလှက ပြောပါတယ်။
“အင်္ဂါဘုရားဖူးအဖွဲ့ကနေပြီးတော့ ဒီလ ၂၀ အတွင်းမှာ မပြတ်မကွက် လုပ်ခဲ့တဲ့အတွက် အများကြီးပဲ ကျေးဇူးလည်း တင်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အများကြီးကျန်တယ်ဆိုတော့ အန်တီတို့ ဒီဆုတောင်းပွဲဆိုတာက ကိုယ့်ယုံကြည်ချက် အရ ဆုတောင်းတဲ့အတွက် ဆက်လက်ပြီတော့ လုပ်ဆောင်မယ်။”
မေလ ၁၆ ရက်နေ့က လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၅၁ ဦးထဲမှာ အင်္ဂါ ဆုတောင်းအဖွဲ့ဝင်ထဲက မချိုအေး၊ မစန်းစန်းမြင့်နဲ့ နော်အုန်းလှတို့ ပြန်လည် လွတ်မြောက်လာပါတယ်။
အင်္ဂါဘုရားဖူးအဖွဲ့ဝင်တွေဖြစ်တဲ့ သူတို့ သုံးဦးဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ပါဝင်ခဲ့မှုနဲ့ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
အခုအခါ ဘုရားဖူးအဖွဲ့တွေဟာ အင်္ဂါနေ့မှာတင်မက တနင်္ဂနွေနေ့တွေမှာလည်း ဒေသဆိုင်ရာ ဘုရားစေတီတွေမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲတွေ ပြုလုပ်နေပြီလို့ နော်အုန်းလှက ပြောပါတယ်။
“တချို့အင်္ဂါနေ့ မလာနိုင်တဲ့အခါကျတော့ မြို့နယ်တွေမှာ ဆုတောင်းပွဲလုပ်ချင်တယ် တောင်းဆိုလာတော့ ဒါကို ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ အန်တီမြင်တယ်။ ဘာလို့လဲဆိုတော့ တနင်္ဂနွေက ရုံးအားရက်ဖြစ်တယ်။ အားတဲ့လူတွေလည်း လာနိုင်အောင်လို့ စီစဉ်တာ ဖြစ်မယ်။”