A d v e r t i s e m e n t With Us

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲ ဆက်လုပ်မည်

နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ​ကျော် လွတ်​မြောက်​ရေး​ ဆု​တောင်း​ပွဲကို ဆက်လက်လုပ်​ဆောင်မယ်လို့​ ​ထောင်က လွတ်လာတဲ့​ အင်္ဂါဘုရား​ဖူး​အဖွဲ့​မှ ​နော်အုန်း​လှက ​ပြောပါတယ်။ “အင်္ဂါဘုရား​ဖူး​အဖွဲ့​က​နေပြီး​တော့​ ဒီလ ၂၀ အတွင်း​မှာ မပြတ်မကွက် လုပ်ခဲ့​တဲ့​အတွက် အများ​ကြီး​ပဲ ​ကျေး​ဇူး​လည်း​ တင်ပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ အများ​ကြီး​ကျန်တယ်ဆို​တော့​ အန်တီတို့​ ဒီဆု​တောင်း​ပွဲဆိုတာက ကိုယ့်​ယုံကြည်ချက် အရ ဆု​တောင်း​တဲ့​အတွက် ဆက်လက်ပြီ​တော့​ လုပ်​ဆောင်မယ်။” မေလ ၁၆ ရက်​နေ့​က လွှတ်​ပေး​လိုက်တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅၁ ဦး​ထဲမှာ အင်္ဂါ ဆု​တောင်း​အဖွဲ့​ဝင်ထဲက မချို​အေး​၊​ မစန်း​စန်း​မြင့်​နဲ့​ ​နော်အုန်း​လှတို့​ ပြန်လည် လွတ်​မြောက်လာပါတယ်။ အင်္ဂါဘုရား​ဖူး​အဖွဲ့​ဝင်​တွေဖြစ်တဲ့​ သူတို့​ သုံး​ဦး​ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့​အ​ရေး​အခင်း​မှာ ပါဝင်ခဲ့​မှုနဲ့​ အဖမ်း​ခံခဲ့​ရတာဖြစ်ပါတယ်။ အခုအခါ ဘုရား​ဖူး​အဖွဲ့​တွေဟာ အင်္ဂါ​နေ့​မှာတင်မက တနင်္ဂ​နွေ​နေ့​တွေမှာလည်း​ ​ဒေသဆိုင်ရာ ဘုရား​စေတီ​တွေမှာ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ဆု​တောင်း​ပွဲ​တွေ ပြုလုပ်​နေပြီလို့​ ​နော်အုန်း​လှက ​ပြောပါတယ်။ “တချို့​အင်္ဂါ​နေ့​ မလာနိုင်တဲ့​အခါကျ​တော့​ မြို့​နယ်​တွေမှာ ဆု​တောင်း​ပွဲလုပ်ချင်တယ် ​တောင်း​ဆိုလာ​တော့​ ဒါကို ​ဆောင်ရွက်ခြင်း​ ဖြစ်တယ်လို့​ အန်တီမြင်တယ်။ ဘာလို့​လဲဆို​တော့​ တနင်္ဂ​နွေက ရုံး​အား​ရက်ဖြစ်တယ်။ အား​တဲ့​လူ​တွေလည်း​ လာနိုင်​အောင်လို့​ စီစဉ်တာ ဖြစ်မယ်။”

A d v e r t i s e m e n t With Us

More News
Up