အာကာသ ယာဉ်ကနေ ရိုက်ကူးထားသည့် ပလူတိုဂြိုဟ် (ရုပ်သံ)

5.8K
နိုင်ငံတကာ အာကာသလေ့လာရေး အေဂျင်စီ (NASA) က ပလူတို ဂြိုဟ်ပေါ် လွှတ်တင်ထားတဲ့ နယူးဟော်ရီဇုန် New Horizons အာကာသယာဉ်ကနေ ပြန်ပို့တဲ့ ဓာတ်ပုံတွေမှာ ဗဟုဂံသဏ္ဌာန် ပြေပြစ်တဲ့ တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ ကင်းတဲ့ လွင်ပြင်တွေ ပါဝင်တာကြောင့် နေအဖွဲ့အစည်းထဲက ကမ္ဘာနဲ့ အဝေးဆုံး ဂြိုဟ်သိမ်လေးဟာ ပထ၀ီဗေဒ ရှင်သန်နေဆဲ ဖြစ်တယ်ဆိုတာကို ဖော်ပြနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ပလူတိုဂြိုဟ်ကို အနီးကပ်ရိုက်ထားတဲ့ ပုံတွေထဲက လွင်ပြင်ရဲ့ သက်တမ်းဟာ နှစ်သန်း ၁၀၀ အများဆုံး ရှိမယ်လို့ နာဆာ အဖွဲ့က ခန့်မှန်းထားပါတယ်။
ရေခဲလွင်ပြင်ကို စပွတ်နစ် ကုန်းမြင့်ဒေသလို့ တရားဝင် နာမည်ပေးထားပြီး အက်ကြောင်းရာပါတဲ့ မျက်နှာပြင်ဟာ ၁၂ မိုင် လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။
စပွတ်နစ် ကုန်းမြင့်ဒေသရဲ့ တောင်ဘက်ပိုင်းမှာ ရှိတဲ့ ပလူတိုဂြိုဟ်ရဲ့ အီကွေတာ ဒေသကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ တောင်တန်းတွေ တည်ရှိနေပြီး ရေခဲလွင်ပြင်တွေလိုပဲ နှစ်ပေါင်း သန်း ၁၀၀ သက်တမ်းပဲ အများဆုံး ရှိမယ်လို့ နာဆာ သိပ္ပံ ပညာရှင်တွေက ခန့်မှန်းပါတယ်။
ဂြိုဟ်မျက်နှာပြင်မှာ ချိုင့်ဝှမ်းတွေ ကင်းတဲ့အတွက် နေအဖွဲ့အစည်းထဲက သက်တမ်း အနုဆုံး မျက်နှာပြင်တွေ ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပါတယ်။
တောင်ကုန်းတွေရဲ့ အမြင့်ဟာ အမေရိကန် ပြည်ထောင်စုက ရောကီ တောင်တန်းတွေလောက် ရှိနိုင်ပြီး ဗြက် အကျယ် ၂၅၀ မိုင်ကနေ ၄၀၀ ၀န်းကျင် ရှိမယ်လို့ နယူးဟော်ရီဇုန် New Horizon အာကာသယာဉ်ရဲ့ ခေါင်းဆောင် သိပ္ပံပညာရှင် အယ်လန် စတန်းက သတင်းထောက်တွေကို ပြောပါတယ်။
အာသယာဉ်က ပေးပို့တဲ့ ဓာတ်ပုံတွေထဲမှာ ပလူတိုဂြိုဟ်ကို ပတ်နေတဲ့ Nix နစ်လို့ ခေါ်တဲ့ လတစင်းရဲ့ မှုံဝါးဝါး ပုံရိပ်တွေလည်း ပါဝင်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၇၀ ကုန်ကျခံထားတဲ့ နယူးဟော်ရီဇုန် စူးစမ်းရေး စီမံကိန်းဟာ ပလူတိုဂြိုဟ်ရဲ့ မျက်နှာပြင်နဲ့ ဂြိုဟ်ကို ပတ်နေတဲ့ ချာရွန်း Charon ဆိုတဲ့ ပင်မ လတစင်းရဲ့ မျက်နှာပြင်ကို ပုံဖော်နိုင်ဖို့ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်က အာကာသယာဉ်ကို စတင်လွှတ်တင်ခဲ့ပြီး မိုင်ပေါင်း သန်း ၃၀၀၀ အာကာသ ခရီးထွက်ခဲ့တာဖြစ်ပါတယ်။