အမိုးနီးယားကြောင့် ကျန်းမာရေး ထိခိုက်နိုင်
DVB
·
May 26, 2011
အကြော်စုံတွေ၊ မုန့်လုပ်ငန်းတွေမှာ သုံးနေတဲ့ အမိုးနီးယား (အမိုနီယမ်) တွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ဓာတုဆေးဝါး ကျွမ်းကျင်သူတဦးက ပြောပါတယ်။
စားသောက်ကုန်ပစ္စည်းတွေ အမြင်လှပဖို့ အသုံးပြုတဲ့ အမိုးနီးယားကို ရပ်ကွက် အတွင်းက ပရဆေးဆိုင်နဲ့ ကုန်စုံဆိုင်တွေမှာ လိုသလောက် ရောင်းချနေတဲ့အတွက် အသေချာ စစ်ဆေး ဝယ်ယူသင့်တယ်လို့ ရန်ကုန်မြို့ ပရဆေးဆိုင်တခုက အစားအစာနဲ့ ဓာတုဆေးဝါး ကျွမ်းကျင်သူတဦးက ပြောပါတယ်။
“ကျနော်တို့ အခုတွေ့နေရတာက ပရဆေးဆိုင်ကနေ အမိုးနီးယားကို အလွယ်တကူ ဝယ်လို့ ရနေတာ။ အီကြာကွေးသမားတွေက အမိုးနီးယားဆို တအားပဲ။ မုန့်လုပ်ငန်းဆိုရင် ဒါပဲ၊ အကြော်ဆိုင်ဆိုရင်လည်း ဒါပဲဆိုတော့ အန္တရာယ် များတာပေါ့။ အမိုနီယမ်အုပ်စုမှာကိုက အခွဲတွေက အများကြီးပဲ။ အမိုနီယမ် ကာဗွန်နိတ်၊ အိုနီယမ်ကလိုရိုက် အများကြီး ရှိတယ်။ အသုံးပြုတာက Food Grade နဲ့ Industrial Grade ဆိုပြီးရှိတယ်။ စက်ရုံသုံး အမိုနီယမ်တွေမှာ အစားအစာတွေမှာ တိုက်ရိုက်သုံးရင် အရမ်းအန္တရာယ်များတယ်။ ခဲတွေ၊ ဇင့်တွေ၊ ကြေးတွေ အဲဒါတွေ ပါနိုင်တယ် မသန့်ရှင်းဘူး။”
အမိုးနီးယားကို ဆင်ခြေဖုံးမြို့နယ်တွေမှာ ပီနံအိတ်အကြီးထဲက အိတ်အသေးလေးတွေနဲ့ ခွဲထုတ်ရောင်းနေပြီး တပေါင်ကို ၃၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်။
ဈေးကွက်မှာ ရောင်းချနေတဲ့ အမိုနီယံတွေက ဘယ်လုပ်ငန်းသုံးအတွက် ထုတ်ထားတာ၊ စားသောက်ကုန်လုပ်ငန်းအတွက် ထုတ်ထားတယ်ဆိုတာ ဟုတ်မဟုတ် အတိအကျ ညွှန်ကြားထားတာ မရှိတာတွေ၊ စားသောက်ကုန် ခွင့်ပြုလိုင်စင် မရှိတာတွေကို မသုံးစွဲသင့်ဘူးလို့လည်း သူက ပြောပါတယ်။
“အဲဒါကြောင့် ရောင်းတဲ့သူတွေကလည်း ဝယ်သူတွေ မေးတိုင်း မပေးရဘူး။ သက်ဆိုင်တဲ့ မုန့်လုပ်ငန်းအတွက် သီးသန့်ထုတ်ထားတဲ့ အမိုနီယမ်ကိုပဲ ရောင်းချရမှာ။ ရောင်းလိုက်တဲ့ ပစ္စည်းမှာဆိုရင် နာမည် ပါရမယ်၊ အာမခံချက်တွေလည်း ပါရမယ်။ အခုက ဘယ်မှာ သုံးတဲ့ အမိုနီယမ်မှန်း မသိတော့ အရမ်းအန္တရာယ်များတယ်။”
ရန်ကုန်မြို့ရဲ့ ဈေးကွက်တွေမှာ ရောင်းချနေတဲ့ ဆိုးဆေးအပါအဝင် အစားအစာသုံး ဓာတုပစ္စည်းအများစုက ကျန်းမာရေးထောက်ခံချက် မရှိတဲ့ ပစ္စည်းတွေများတဲ့အတွက် သက်ဆိုင်ရာက ဒီကိစ္စကို အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးသင့်နေပြီလို့လည်း သူက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။