ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို စတင်ဝယ်ယူခြင်း
DVB
·
May 25, 2011
ခုရက်ပိုင်း ပြည်တွင်းနိုင်ငံရေးလောကမှာ ပြည်သူတွေ စိတ်အဝင်စားဆုံး ကိစ္စတခုကတော့ ဦးကြည်မြင့်၊ ဦးသိန်ညွန့်အပါအဝင် လွှတ်တော်အမတ်အချို့ကို ချယ်ရီကားလို့ လူတွေ ခေါ်ဝေါ်နေကြတဲ့ စက်မှု ၂ ဝန်ကြီးဌာနထုတ် မီနီဆလွန်းကားတွေ ရောင်းပေးနေတဲ့ကိစ္စ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁ဝဝဝ ကျော်ရှိတဲ့အနက် ဘာကြောင့် လွှတ်တော်အမတ်တစ်ချို့ကိုပဲ ဒီကားတွေ ရောင်းပေးရသလဲ၊ တိကျတဲ့ ညွှန်ကြားချက် မဟုတ်ဘဲနဲ့ တစ်ယောက်ချင်းစီ လက်သိပ်ထိုးပြီးတော့ ဘာကြောင့် ရောင်းချပေးနေရသလဲ၊ ဒီကားတွေကို ဝယ်ခွင့်ရရင် အကျိုးအမြတ် ဘယ်လောက်ရှိမှာမို့လဲ၊ ခုလို ရောင်းချပေးတာဟာ ဘာသဘောလဲ စတာတွေကို ဆွေးနွေးတင်ပြသွားပါမယ်။
အဲဒီကားတွေဟာ စက်မှု ၂ မှာ ဝယ်ခွင့်ရရင် ကျပ် ၅၅ သိန်းပဲ သွင်းရတာပါ။ အပြင်မှာ ပြန်ရောင်းရင် ကျပ်သိန်း ၁၄ဝ လောက် ဈေးပေါက်ပါတယ်။ ဒါကြောင့် ဒီကားတစီး ဝယ်ယူခွင့် ရရှိခြင်းဟာ ငွေကျပ် သိန်း ရဝ-ဂဝ လောက် အကျိုးအမြတ်ရမယ့် ချက်လက်မှတ် တစောင် ရလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။
၁၉၈၈ နောက်ပိုင်း အာဏာသိမ်း စစ်အာဏာရှင်တွေဟာ အစိုးရအဖွဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်နဲ့ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းတွေ အခွင့်ထူးခံခဲ့ကြသလို ဒီလို အခွင့်အရေးတွေပေးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ စစ်အစိုးရကို အကျိုးပြုတဲ့ နိုင်ငံရေးသမားတွေကို မူလ ရပ်တည်ချက်ကနေ ယိမ်းယိုင်သွားအောင် ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် အထင်ရှားဆုံး သာဓကဟာ ကားတင်သွင်းခွင့် ပါမစ်ကိစ္စ ဖြစ်ပါတယ်။ ကားတင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ကား တင်သွင်းခွင့် ပါမစ် တစောင်ဟာ ယနေ့အချိန်ထိ ကျပ် သိန်းထောင်ချီ တန်ကြေးရှိနေဆဲ ဖြစ်ပါတယ်။ ဒီ ပါမစ်တွေကို ယူပြီး ထိပ်ပိုင်း အာဏာပိုင်တွေ ကိုယ်ကျိုးရှာခဲ့ကြသလို ပြောစကားဆိုစကား နားထောင်တဲ့ ငြိမ်းအဖွဲ့တွေကိုလည်း အနည်းအကျဉ်း ပေးကမ်းခဲ့ဖူးပါတယ်။
အခြား ထင်ရှားတာတွေကတော့ လုပ်ပိုင်ခွင့် ပါမစ်အမျိုးမျိုး ဖြစ်ပါတယ်။ သစ်ထုတ်ခွင့်၊ နိုင်ငံခြားကို သစ်တင်ပို့ခွင့်၊ ကျောက်မျက်တူးဖော်ခွင့်၊ ဈေးတည်ဆောက်ခွင့်၊ လမ်းဖောက် လုပ်ခွင့်၊ တံတား တည်ဆောက်ရေးအတွက် ပစ္စည်းတွေ တင်သွင်းခွင့်၊ နိုင်ငံခြားကို ဆန်တင်ပို့ခွင့်၊ ပြည်ပကနေ စားအုန်းဆီ၊ ဒီဇယ်ဆီ၊ ဓာတ်မြေဩဇာ တင်သွင်းခွင့် စတာတွေ အားလုံးဟာ ပါမစ်စနစ်နဲ့ သွားနေတာ ဖြစ်ပါတယ်။
ပါမစ်တစောင် လက်လွှဲရောင်းချရင်ကို ကျပ် သိန်းထောင်ဂဏန်းကနေ သိန်းပေါင်း သိန်းနဲ့ချီ အကျိုးအမြတ်ရှိတဲ့ ပါမစ်များ ဖြစ်ပါတယ်။
အားလုံးမှတ်မိကြပါလိမ့်ဦးမယ်၊ မိုဘိုင်းဖုန်း၊ တယ်လီဖုန်းတွေ ရှားပါးပြီး ဈေးကောင်းခဲ့စဉ် အချိန်ကလည်း စစ်အစိုးရ အာဏာပိုင် အဆင့်ဆင့်ဟာ ဝယ်ယူခွင့် ပါမစ်တွေကို ကိုယ်ကျိုးစီးပွားအတွက်ရော၊ နိုင်ငံရေးအကျိုးအမြတ် အတွက်ပါ အသုံးချခဲ့ကြပါတယ်။
အကြောင်းကတော့ မိုဘိုင်းဖုန်း ဝယ်ယူခွင့် ပါမစ် တစောင်ဟာလည်း အခြေအနေ အချိန်အခါကိုလိုက်ပြီး ကျပ်ငွေ သိန်း ၂ဝ လောက်ကနေ ၅ သိန်းလောက်အထိ ရခဲ့လို့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅-၆ နှစ်ကျော်ကာလက စစ်အစိုးရကို ကောင်းကောင်း အလုပ်အကြွေးပြုခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး လှုပ်ရှားခဲ့သူတွေ၊ အခြေခံဥပဒေ ပေါ်ပေါက်ရေးလှုပ်ရှားပြီး အတိုက်အခံအင်အားစုတွေကို ဆန့်ကျင်ခဲ့သူတွေကို ဒီ တယ်လီဖုန်းပါမစ်တွေ ချပေးပြီး ကျေးဇူးတုံ့ပြန်ခဲ့တာ တွေ့ရမယ် ဖြစ်ပါတယ်။
နောက်ထပ် ရှိပါသေးတယ်။ မြန်မာနိုင်ငံအတွင်းမှာ စက်ရုံတည်ပြီး တပ်ဆင်ထုတ်လုပ်တဲ့ ဆူဇူကီး ကုမ္ပဏီထုတ် ကားတွေနဲ့ ဒပယ်လ်ကက် အမျိုးအစား ကားတွေကိုလည်း စစ်အရာရှိကြီးတွေကို ချပေးခဲ့ပါသေးတယ်။
ကားတစ်စင်းမက ရှိတဲ့ အဲဒီ စစ်အရာရှိကြီးတွေဟာ ပါမစ် လွှဲပြောင်းရောင်းလိုက်ရုံနဲ့ ကျပ် သိန်း ရာနဲ့ချီ အကျိုးအမြတ် ရခဲ့ကြပါတယ်။ ရနေဆဲ ဖြစ်ပါတယ်။ အခုတော့ အဲလို အစီအစဉ်မျိုး လွှတ်တော်ကိုယ်စားလှယ် တွေကို ကျင့်သုံးလာနေပါပြီ။ ဒီနေရာမှာ လက်ရှိ အဲဒီ ချယ်ရီကားလေးတွေ ရောင်းပေးတာဟာ ဦးကြည်မြင့်၊ ဦးသိန်းညွန့်နဲ့ အမျိုးသမီး လွှတ်တော်အမတ်တဦး၊ ကြံ့ဖွံ့အမတ်က ၉ ဦး ဖြစ်ကြောင်း ဦးကြည်မြင့်က True News ဂျာနယ်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီအတွက် ဦးကြည်မြင့်နဲ့ ဦးသိန်းညွန့်တို့ (၂) ဦး ပြီးခဲ့တဲ့ လွှတ်တော်မှာ ဘာတွေ လုပ်ခဲ့လဲ ပြန်ကြည့်ကြရအောင်ပါ။
လသာမြို့နယ် လွှတ်တော်အမတ် ဦးကြည်မြင့်ဟာ လွှတ်တော်ထဲမှာ အင်န်ဒီအက်ဖ်ပါတီက ကိုယ်စားလှယ်တွေ အဆိုတခု တင်လိုက်၊ သူက ကန့်ကွက်တဲ့ဘက်က ဆွေးနွေးလိုက် တစ်လျောက်လုံး လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ပါတီက တင်တဲ့အဆိုကို အဲဒီ ပါတီဝင်ကပဲ ပြန်ပြန်ကန့်ကွက်တာဟာ အတော်လေးကို အရုပ်ဆိုး အကြည့်တန်စေပါတယ်။
ဒါကို နိုင်ငံရေးပါတီတွေကရော ပြည်သူတွေအားလုံးကပါ သိရှိကြပါတယ်။ ဦးသိန်းညွန့်နဲ့ အင်န်ဒီအက်ဖ်ပါတီ ခေါင်းဆောင်တွေအကြား ဖြစ်ခဲ့တဲ့ ပြဿနာတွေမှာ ဘယ်သူမှန်ပြီး ဘယ်သူမှားတယ် ဆိုတာ အသာထား၊ ရွေးကောက်ပွဲဝင် ပါတီတွေထဲမှာ အင်အားအကောင်းဆုံး ဖြစ်ဖွယ်ရှိတဲ့ ဗမာနိုင်ငံရေးပါတီ တခုကို ကောင်းကောင်း အင်အားချိနဲ့ သွားစေခဲ့ပါတယ်။ ဒါတင်မက ဦးသိန်းညွန့်ဟာ အင်န်ဒီအက်ဖ်ပါတီကို ဗကပ လို ဖြုတ်ထုတ် လမ်းစဉ် ကျင့်သုံးတယ်၊ ဆွေငြိမ်း အုပ်စု စသဖြင့် အလွန်အကျွံ ထိုးနှက်မှုတွေ လုပ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ရပ်တွေဟာ ဘယ်ပါတီကိုမဆို သွေးခွဲလိုတဲ့ အရင် စစ်အစိုးရနဲ့ လက်ရှိ အစိုးရ စိတ်ကြိုက် ဖြစ်စေခဲ့ပါတယ်။ စစ်အစိုးရ ဒါမှမဟုတ် အသွင်ပြောင်းထားတဲ့ ဦးသိန်းစိန် အစိုးရပဲ အမြတ်ထွက်စေခဲ့ပါတယ်။
လက်ရှိ အစိုးရအနေနဲ့ ဒါကို မျှော်ကိုးပြီး ကားဝယ်ယူခွင့်ပါမစ် ချပေးလိုက်တယ် ဆိုရင် ဦးကြည်မြင့်ရော ဦးသိန်းညွန့်ကပါ အစိုးရရဲ့ အဝယ်ခံလိုက်ရပြီဆိုတာ နားလည် နိုင်ပါတယ်။ သူတို့အနေနဲ့ ဒါဟာ လွှတ်တော်အမတ် အားလုံးကို အစီအစဉ်တကျ တရားဝင် အခွင့်အရေးအနေနဲ့ ချပေးတာလား။ ဒါမှမဟုတ် သီးသန့်အခွင့်အရေး ပေးနေတာလား၊ စသဖြင့် စဉ်းစားဖို့ လိုပါတယ်။ အကြောင်းကတော့ ဦးသိန်းညွန့်ရော ဦးကြည်မြင့် ကိုယ်တိုင်ကပါ သူတို့အနေနဲ့ ဒီကား ဝယ်ယူခွင့်ရဖို့ လျောက်ထားတာမျိုး မရှိဘူးလို့ ပြောဆိုခဲ့ပြီး ဖြစ်လို့ပါပဲ။
တကယ်တော့ ဒါဟာ ကိုယ်ရေးကိုယ်တာ ကိစ္စ တခု မဟုတ်ပါဘူး။ တဦးချင်းကိစ္စ မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူကိစ္စတွေ အစိုးရရဲ့ ထင်သာမြင်သာမရှိတဲ့ ကိစ္စတွေကို ဝေဖန်နေတဲ့ ဦးသိန်းညွန့် ဦးကြည်မြင့်တို့ကိုယ်တိုင် အလားတူ ကိစ္စမျိုးမှာ ပါဝင် ပတ်သက်နေရပြီ ဆိုတဲ့သဘော ဖြစ်ပါတယ်။
ဦးသိန်းညွန့်နဲ့ ဦးကြည်မြင့်တို့နှစ်ဦး ဒီကားဝယ်ယူခွင့် ပါမစ်ကို လက်ခံလိုက်ခြင်းဟာ အစိုးရကနေ ကျပ်သိန်း ရဝ-ဂဝ လောက် လာဘ်ထိုးလိုက်တာကို လက်ခံလိုက်တဲ့ သဘောဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေးသမားတွေ အကြားမှာရော၊ ပြည်သူတွေရဲ့ အမြင်မှာပါ သူတို့ နှစ်ယောက်လုံး လက်ညှိုးထိုးစရာ ဖြစ်တော့မှာ မလွဲဧကန်ပါပဲ။ အရင်တုန်းကလည်း အာဏာရှိ အစိုးရဆီကနေ ခုလို အခွင့်အရေးရယူခဲ့သူတွေ ရှိနေလေတော့ အဲဒီလူတွေနဲ့ သူတို့ ဘာတွေများ ကွာခြားသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အစိုးရ ကျင့်သုံးခဲ့သလို မလျော်ကန်တဲ့ လုပ်ပိုင်ခွင့် အသုံးချပြီး ကိုယ်သဘောကျတဲ့သူတွေကို၊ ကိုယ့်ကို ထောက်ခံတဲ့ သူတွေကို၊ အတိုက်အခံ အင်အားစု အင်အားချိနဲ့အောင် လုပ်နေသူတွေကို လာဘ်ပေးပြီး ဝယ်ယူတဲ့စနစ် ဆက်လက် ကျင့်သုံးနေပြီ ဖြစ်ပါတယ်။