ဂရိဘဏ် အားလုံး ဇူလိုင် ၂၀ ပြန်ဖွင့်မည်

အေသင်မြို့ရှိ အေတီအမ်တခုတွင် ငွေထုတ်နေသူ ၂ ဦး။ (ဓာတ်ပုံ - ရိုက်တာ)
2.2K
ဂရိနိုင်ငံတွင်း ဘဏ်အားလုံးကို လာမယ့် ဇူလိုင် ၂၀ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ဂရိ ဒု-ဘဏ္ဍာရေးဝန်ကြီး ဒစ်မစ်ထရစ် မာဒတ်စ်က ဇူလိုင် ၁၆ ရက်နေ့က မြို့တော် အေသင်မှာ ပြောလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ငွေပေးချေမှုအတွက် ချက်လက်မှတ်နဲ့ ဆောင်ရွက်နိုင်အောင် စီစဉ်ပေးမှာ ဖြစ်တယ်၊ ဒါပေမယ့် ပြည်သူတွေကတော့ တရက်ကို ယူရိုငွေ ၆၀ ပဲ ထုတ်ယူခွင့် ပြုထားတာကို ဆက်ထိန်းထားမယ်လို့ ဂရိ အရာရှိတယောက်က ပြောပါတယ်။
ဥရောပ ဗဟိုဘဏ်က ဂရိနိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခန်းကဏ္ဍအတွက် အရေးပေါ် အထောက်အပံ့ ကန့်သတ်ချက်ကို မြှင့်တင်ပေးအပြီး နာရီပိုင်းအတွင်း ခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။
ဂရိနိုင်ငံမှာ အစိုးရက ချမှတ်တဲ့ ငွေကြေးထိန်းချုပ်မှု အစီအစဉ် အစိတ်အပိုင်း အနေနဲ့ ဘဏ်တွေကို ပိတ်ထားတာ ၃ ပတ်နီးပါး ရှိလာပါပြီ။
မြို့တော် အေသင်က ပြည်သူတွေကတော့ ဘဏ်တွေ မကြာခင် ပြန်ဖွင့်ဖို့ မျှော်လင့်နေပါတယ်။
အေသင်မြို့မှာတော့ ပြည်သူတွေဟာ ကန့်သတ်ထားတဲ့ တရက်ကို ခွင့်ပြုငွေ ၆၀ ယူရိုကို ထုတ်ယူနိုင်ရေး ငွေထုတ်စက်တွေမှာ ဆက်ပြီး တန်းစီနေရပါတယ်။
ငွေထုတ်ကတ်တွေ မရှိတဲ့ အငြိမ်းစား ယူထားသူတွေကတော့ နိုင်ငံတလွှားက ဘဏ်ခွဲ ၁၀၀၀ လောက်ရဲ့ အပြင်ဘက်မှာ စောင့်နေရတာပါ။
ဒေသခံတွေက ဘဏ်တွေ ပိတ်ထားတဲ့အပေါ် ဒေါသထွက်သူတွေ ရှိသလို ဥရောပသမဂ္ဂက မကူညီတဲ့အပေါ် နားမလည်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိနေတာပါ။
ဒေသခံ တယောက်ကတော့ ယူရိုငွေသုံးတဲ့ နယ်မြေအတွင်း ဂရိရဲ့ အတင်းကျပ်ဆုံး အကျပ်အတည်းအဖြစ် ပြောခဲ့ပါတယ်။