ဂျပန်တောင်ဘက်ကျွန်းများကို တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်နေ (ရုပ်သံ)

ဂျပန်နိုင်ငံ တောင်ဘက်ကျွန်းတွေကို ဖြတ်သန်းတိုက်ခတ်နေတဲ့ တိုင်ဖုန်း နန်းခ (Typhoon Nangka) ကြောင့် တောင်ပိုင်းခရိုင်တွေမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးတယ်လို့ ဂျပန် ဒေသခံသတင်းတွမှာ ဖော်ပြပါတယ်။
အကြီးဆုံးကျွန်းဖြစ်တဲ့ ဟွန်ရှူးကျွန်း၊ ၀ါကရာမာ (Wakayama) ခရိုင်မှာ မြစ်ရေလျှံနေပြီး ဇူလိုင် ၁၆-၁၇၊ ၂ ရက်အတွင်း မိုးရေချိန် ၂၃ လက်မ ရွာသွန်းခဲ့တယ်လို့ မိုးလေ၀သဌာနက တိုင်းတာ ရရှိပါတယ်။
ဒေသခံပြည်သူ အနည်းဆုံး ၃ သိန်းခွဲကို နေရာပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
နိုင်ငံတောင်ပိုင်းက ရှိကိုကု ကျွန်းမှာတော့ လေပြင်းပါ တိုက်ခတ်နေပြီး အမြင့်ဆုံး လေတိုက်နှုန်း ၁ နာရီ ၁၁၅ မိုင်နှုန်း ရှိပါတယ်။
လူ ၂ ဦး ရေနစ်သေဆုံးတယ်လို့ ကျိုတိုသတင်းဌာနကကြေညာပြီး အန်အိပ်ခ်ျကေ သတင်းဌာနကတော့ အနည်းဆုံး လူ ၃၁ ဦး ဒဏ်ရာရရှိတယ်လို့ ကြေညာပါတယ်။
မုန်တိုင်း စတင်အားပျော့လာလို့ အပူပိုင်းမုန်တိုင်း အဆင့်ကို ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် မိုးသက်လေပြင်းတွေ ဆက်ရှိနိုင်သေးတယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။
မုန်တိုင်းဟာ မြောက်ပိုင်းကျွန်းတွေကို ဆက်လက်ရွေ့လျားနေတဲ့အတွက် ဟွန်ရှူးကျွန်းမကြီးနဲ့ မြောက်ပိုင်းကျွန်းတွေမှာ လေပြင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။
လောလောဆယ် မုန်တိုင်းဟာ မြောက်ဘက်ကို တနာရီ ၁၅ ကီလိုနှုန်းနဲ့ ရွေ့လျားနေပြီး လေတိုက်နှုန်း ၉၀ ကီလိုရှိတယ်လို့လည်း ဂျပန်မိုးလေ၀သဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။