လွတ်ငြိမ်းချမ်းသာခွင့်လို့ ကျနော်မထင်ပါဘူး
ပီတာအောင်
·
May 25, 2011
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက် စုဆောင်းဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့ခွင့်အရေးအထူးကိုယ်စားလှယ် တောမတ်အိုဟေး ကင်တားနားကို သီးသန့် တွေ့ဆုံ မေးမြန်းတားပါတယ်။
မြန်မာနိုင်ငံသွားဖို့ ဗီဇာလျှောက်ထားမှု နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲ။
“ကျနော် မြန်မာသံရုံးကို ဗီဇာတောင်းခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက ဒီတကြိမ်မှာ လက်မခံခဲ့ပါဘူး။ ဒါပေမယ့် နောင်မှာ ပြည်ဝင်ခွင့်ဗီဇာ ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာပြည်ကို သွားခွင့်ရဖို့ ဆိုတာက ကျနော့်အတွက် အလွန်ပဲအရေးကြီးသလို အစိုးရအတွက်လည်း အရေးကြီးပါတယ်။”
မြန်မာအစိုးရအဖွဲ့သစ်က မကြာသေးခင်ကမှ ထုတ်ပြန်ကြေညာလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုရော ဘယ်လိုသဘောထားပါသလဲ။
“ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့်လို့ကျနော်မထင်ပါဘူးဗျာ။ ဒါက ပြစ်ဒဏ် ချမှတ်ထားတာတွေကို ပြောင်းလဲ လျော့ပေါ့ပေးတာသာ ဖြစ်ပါတယ်။ ဒါဟာ လုံလောက်မှု မရှိသလို စိတ်ပျက်စရာလည်း ကောင်းပါတယ်။ မလုံလောက်ဘူးလို့ ပြောရတာက နိုင်ငံထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ရှိသေးတယ်။ လွတ်လာတာက အနည်းအကျဉ်းလောက်ပဲ ရှိလို့ပါ။ စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောရတာကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ကို လွှတ်ပေးရမယ်။ ဒါမှ ဒီနိုင်ငံရေးအကျဉ်းသမားတွေဟာ မြန်မာ့ ဒီမိုကရေစီရေးဖြစ်စဉ်မှာ အရေးပါတဲ့အခန်း ကဏ္ဍကနေ ပါဝင်နိုင်မယ်လေ။”
မစ္စတာကင်တားနားအနေနဲ့ ထိုင်းနိုင်ငံမှာ အတိုက်အခံအဖွဲ့အစည်းတွေ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့တွေ့ဆုံပြီး မြန်မာ့လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေ စုဆောင်းခဲ့တယ်။ အဲဒီအထဲမှာ ထူးထူးခြားခြား ဘာတွေများ လေ့လာတွေ့ရှိ ခဲ့ရပါသလဲ။
“ကျနော်နယ်စပ်ဒေသမှာ အလုပ်လုပ်နေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့တွေ့ခဲ့ပါတယ်။ ကျနော် စုဆောင်းရခဲ့တဲ့ သတင်းအချက်အလက်တွေကနေ ကျနော်ပြောပြနိုင်တာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြန်မာပြည်မှာ ဆက်လက်ဖြစ်နေတုန်းပဲ။ ဒီလိုဖြစ်ရတာဟာ အခြေခံအားဖြင့်တော့ နယ်စပ်ဒေသတွေမှာ စစ်တပ်ကြီးစိုးမှုကြောင့်ပဲ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစုတွေမှာ ပြဿနာတွေ ဆက်ရှိနေသေးတယ်လို့ သူတို့က ပြောကြတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် မြန်မာအာဏာပိုင်တွေဟာ တကယ့်ကို သေသေချာချာ အားတက်သရော ဆောင်ရွက်နေတာမတွေ့ရဘူး။ စစ်ရေးလုပ်နေတာကလွဲလို့ပေါ့လေ။
မြန်မာအစိုးရကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူအဖြစ် ရပ်တည်လို့ မရအောင် လုပ်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ပတ်သက်ပြီး မစ္စတာကင်တားနားတို့ကြိုးပမ်းနေတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ ကိစ္စကရော ဘယ်အခြေအနေ ရောက်နေပါပြီလဲ။
“ကျနော်ပြောလိုတာကတော့ မြန်မာနိုင်ငံတွင်းက မြောက်မြားလှစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှန်ကန်တဲ့၊ တရားမျှတတဲ့၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်ကခုကနေတဆင့် မြန်မာ အာဏာပိုင်တွေရယ် နိုင်ငံတာအသိုင်းအဝိုင်းရယ်က အရေးတကြီး ဆွေးနွေးကြဖို့ပါ။ နိုင်ငံတကာ အသိုင်းအဝန်းဆိုတာ ကုလသမဂ္ဂက ဆွေးနွေးရမယ်လို့ ပြောတာပါ။ စုံစမ်းစစ်ရေးကော်မရှင်ဆိုတာ ကလည်း ဒီကိစ္စကိုဆောင်ရွက်ဖို့ နည်းလမ်းတခုပါ။”
နောက်ဆုံးအနေနဲ့မေးချင်တာက မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်လာပြီး ရက်ပေါင်း ၁၀၀ လောက်ရှိချိန်မှာ မစ္စတာကင်တားနားအနေနဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေကို ဘယ်လို အကဲဖြတ်ပါသလဲ။ အကောင်းဘက်ကို ပြောင်းလာတာ တခုခုတွေ့မိပါသလား။
“သမ္မတရဲ့မိန့်ခွန်းထဲမှာ လူ့အခွင့်အရေးကိစ္စ ရည်ညွန်းပြောဆိုသွားတာ တွေ့ရတော့ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။ ဒီပြောဆိုချက်ကို အကောင်အထည် ဖော်လုပ်ဆောင်မယ်လို့ကျနော်မျှော်လင့်ပါတယ်။ တကယ်ကိုမျှော်လင့်တာပါဗျာ။ နောက်တခု ကျနော်သိထားတာက ပထမဆုံးအကြိမ် ခေါ်တဲ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတွေ ဥပမာအားဖြင့်ဆိုရရင် ကရင်ပြည်နယ်ထဲမှာ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ နောက် ရှမ်းခေါင်းဆောင်တွေကို လွှတ်ပေးဖို့ကိစ္စနဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားကိစ္စကိုတောင် မေးခဲ့တယ်။ ဒီအချက်အလက်တွေဟာ ဒီအချိန်မှာ ဒီနိုင်ငံအတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။”