A d v e r t i s e m e n t With Us

တန်နက်ဆီပြည်နယ် ပစ်ခတ်မှု မရိန်းတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

မူဟမ်မက်ဒ် ယူဆွတ်ဖ် အက်ဒူလာဇိ။ (ဓာတ်ပုံ - the guardian)
အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်မှာ ဇူလိုင် ၁၆ ရက်နေ့က အကြမ်းဖက် ပစ်ခတ်မှုအတွင်း သေနတ်သမားနဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာ မူဟမ်မက်ဒ် ယူဆွတ်ဖ် အက်ဒူလာဇိ (Muhammad Youssef Abdulazeez) ဆိုသူဖြစ်ပြီး နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုတော့ မရှိဘူးလို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။ ပစ်သတ်ခံရတဲ့ မရိန်းတပ်ဖွဲ့ဝင် ၄ ဦးလုံးဟာ ချပ်တနူးဂါ (Chattanooga) မြို့ ရေတပ်အရန်တပ်ရင်းကဖြစ်ပြီး ဒီပစ်ခတ်မှုကို ပြည်တွင်းအကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်တယ်လို့ တန်နက်ဆီပြည်နယ် အရှေ့ပိုင်းခရိုင် အစိုးရရှေ့နေက ပြောပါတယ်။ သေနတ်သမားဟာ နှစ်နေရာမှာ သွားရောက်ပစ်ခတ်တာဖြစ်ပြီး ၂ နေရာလုံးကလည်း အမေရိကန်စစ်တပ်နဲ့ ပတ်သက်တဲ့ နေရာတွေပဲ ဖြစ်တယ်လို့ အက်ဖ်ဘီအိုင် အထူးထောက်လှမ်းရေး အရာရှိတဦးက ပြောပါတယ်။ သေနတ်သမားဟာ အမိုးဖွင့် မတ်စ်တန် (Mustang) ကားနဲ့ ဈေးဝယ်ကုန်တိုက်တခုမှာ ဖွင့်လှစ်ထားတဲ့ စစ်သားစုဆောင်းရေးဌာနကို ပထမ သွားရောက်ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ပါဘူး။ အဲဒီနောက် သေနတ်သမားဟာ ရေတပ်အရန်တပ်ရင်းတခုကို သွားရောက်ပစ်ခတ်ရာမှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တာပါ။ ရဲတွေနဲ့ ရင်ဆိုင်ပစ်ခတ်တဲ့ အချိန်အတွင်း သေနတ်သမားဟာ မိမိကိုယ်ကိုပစ်ပြီး အဆုံးစီရင်လိုက်သလို ရဲတပ်ဖွဲ့ဝင်တဦးနဲ့ မရိန်းတပ်ဖွဲ့ဝင်တဦး အပါအ၀င် လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ အနီးပတ်ဝန်းကျင်က စီးပွားရေးလုပ်ငန်းတွေ၊ ကောလိပ်တခုနဲ့ တခြားဌာနတွေကို ပိတ်ခဲ့ရပါတယ်။ ချပ်တနူးဂါမြို့ဟာ လူဦးရေ ၁ သိန်း ၇ သောင်းကျော်ရှိပြီး တောင်ဘက်မှာတော့ ဂျော်ဂျီယာပြည်နယ်နဲ့ ကပ်လျက်ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up