A d v e r t i s e m e n t With Us

အီဂျစ်ရေတပ် သင်္ဘောကို အိုင်အက်စ် သစ္စာခံအဖွဲ့ ဒုံးကျည်ဖြင့်ပစ်ခတ် (ရုပ်သံ)

အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်းဒေသမြောက်ပိုင်းမှာ တက်ကြွလှုပ်ရှားနေတဲ့ အိုင်အက်စ်သစ္စာခံ စစ်သွေးကြွတွေက မြေထဲပင်လယ်ထဲမှာ ကင်းလှည့်နေတဲ့ အီဂျစ်ရေတပ်သင်္ဘောတစီးကို ဇူလိုင် ၁၆ ရက်နေ့က ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ပြီး သင်္ဘော ဒုံးကျည်ထိမှန်၊ မီးလောင်ပုံတွေကို အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့က အင်တာနက်မှာ တင်ခဲ့ပြီး အီဂျစ်အာဏာပိုင်တွေကလည်း သင်္ဘောမီးလောင်ပျက်စီးခဲ့တယ်လို့ အတည်ပြုပါတယ်။ ဂါဇာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရာဖာမြို့အနီးမှာ အခုလို ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စစ်သွေးကြွတွေဘက်က ပြောသလို အီဂျစ်တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူးလို့ အီဂျစ်စစ်တပ်က ဆိုပါတယ်။ တခြားရေတပ်သင်္ဘောတွေက ချက်ချင်း တပ်ဖွဲ့ဝင်တွေကို လာရောက်ကယ်ဆယ်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဆိုင်းနိုင်းမြောက်ပိုင်းဒေသအတွင်း အီဂျစ်စစ်တပ်အပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာချိန်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလအစောပိုင်းမှာပဲ ဆိုင်းနိုင်းဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အီဂျစ်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၇ ဦး အပါအ၀င် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အီဂျစ်အစိုးရကတော့ ဆိုင်းနိုင်းဒေသအခြေစိုက် အကြမ်းဖက်တွေကို အပြတ်ချေမှုန်းမယ်လို့ ပြောဆိုထားပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အရေးပေါ်အခြေအနေ ကြေညာထားတာပါ။ ၂၀၁၃ ခုနှစ် အီဂျစ်သမ္မတဟောင်း မော်စီကို အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဆိုင်းနိုင်းဒေသမှာ အကြမ်းဖက်စစ်သွေးကြွတွေ အင်အားတောင့်တင်းလာတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up