Home
မြန်မာသတင်း
ကလေးများ စစ်ထဲမသွင်းနိုင်ရေး သေချာလုပ်ရန် ကုလ တိုက်တွန်း
DVB
·
July 16, 2015
မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးသူငယ် တဦးတယောက်မှ စစ်ထဲမသွင်းနိုင်အောင် သေချာဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခရေးရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ပူးပေါင်းလက်တွေ့ အကောင်ထည်ဖော်ရေးအစီအစဉ်ကို အစိုးရက အကောင်ထည်ဖော် ဆောင်ရွက်တာဟာ အရေးပါတဲ့ တိုးတက်မှုတခု ဖြစ်သလို အရွယ်မရောက်သေးတဲ့ ကလေးတွေ စစ်ထဲသွင်းတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေကို အထူးကိုယ်စားလှယ် လေလာ ဇာရုဂွိုင်က ကြိုဆိုလိုက်ပါတယ်။ ဒီလိုတိုးတက်မှုတွေ ရှိနေပေမယ့် အရွယ်မရောက်သေးတဲ့ ကလေးတွေ စစ်တပ်ထဲ မသွင်းနိုင်အောင် အသေအချာ လုပ်ဆောင်ဖို့ ကျန်နေသေးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို ၅ ရက်ကြာ လာရောက်တဲ့ ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ ဇူလိုင် ၁၆ ရက် ထုတ်ပြန်ချက်ကနေ တိုက်တွန်းထားပါတယ်။ “ပညာရှင် ပီသတဲ့ စစ်တပ်ထဲမှာ ကလေးတွေ မလိုအပ်ဘူး” လို့ ဇာရုဂွိုင်က ပြောပါတယ်။ ဒါ့အပြင် ပွဲစား ဒါမှမဟုတ် စစ်မှုထမ်းတွေက ကလေးတွေကို စစ်ထဲသွတ်သွင်းတာနဲ့ အသုံးချတာကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ဖို့ အရေးကြီးတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ စစ်တပ်ထဲကနေ ထွက်ပြေးလာတဲ့ ကလေးတွေကို ဖမ်းဆီး အကျဉ်းချတာ စိုးရိမ်ကြောင်း၊ ကလေးတွေကို အခုလို အကျဉ်းချမယ့်အစား စစ်ထဲသွတ်သွင်းတဲ့သူတွေကို ဖမ်းဆီးသင့်တယ်လို့ ဇာရုဂွိုင်က အကြံပြုပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ကလေးစစ်သား ၆၄၆ ဦးကို မိဘအုပ်ထိန်းသူတွေထံ စစ်တပ်က ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်ပါတယ်။ အနာဂတ် လက်နက်ကိုင် ပဋိပက္ခမှာ ကလေးတွေ ပါဝင်မှုနဲ့ ပတ်သက်ပြီး ကလေး အခွင့်အရေးဆိုင်ရာ စာချုပ်ကို မြန်မာအစိုးရက လက်မှတ်ရေးထိုးမယ့် ရည်ရွယ်ချက်ကိုလည်း ဇာရုဂွိုင်က ကြိုဆိုလိုက်ပါတယ်။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿ နာတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေနဲ့ သူက တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ကလေးစစ်သားတွေကို အသုံးပြုတယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ခုနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပြီး ကလေးစစ်သား အသုံးပြုမှုနဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေ အသုံးပြုတာကို အဆုံးသတ်ဖို့ လက်တွေ့ အကောင်အထည်ဖော်ရေး အစီအစဉ်ကို ဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားရာ ဒေသကို ကုလသမဂ္ဂက ၀င်ရောက်ခွင့်ရရှိပြီး လက်တွေ့အကောင်ထည်ဖော်ရေး အစီအစဉ်ကို တိုက်ရိုက်ဆောင်ရွက်ဖို့နဲ့ အခြေအနေကို စောင့်ကြည့်ခွင့်ရဖို့ တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024