အိန္ဒိယ မောင်းသူမဲ့ ထောက်လှမ်းရေးယာဉ်ကို ပါကစ္စတန် ပစ်ချ

ဓာတ်ပုံ - ISPR
2.9K
ပါကစ္စတန်စစ်တပ်က အငြင်းပွား ကက်ရှ်မီးယားဒေသမှာ အိန္ဒိယရဲ့ ထောက်လှမ်းရေးသုံး မောင်းသူမဲ့ လေယာဉ်ကို ဇူလိုင် ၁၅ ရက်နေ့က ပစ်ချလိုက်တယ်လို့ ပြောပါတယ်။
ဒါဟာ နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း ၂ နိုင်ငံကြား ဆယ်စုနှစ်ချီ တင်းမာမှုတွေ မြင့်လာတဲ့ လက္ခဏာသစ်ပါ။
ပါကစ္စတန်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာနက မောင်းသူမဲ့ယာဉ်ရဲ့ အပိုင်းအစတွေလို့ ပြောထားတဲ့ ဓာတ်ပုံတွေကို ဖြန့်ချိလိုက်ပါတယ်။
စက်မှုပညာရှင်တွေကတော့ သေးငယ်ပြီး လက်နက်မတပ်ဆင်ထားတဲ့ မောင်းသူမဲ့ယာဉ်ကို ကောင်းကင်ဓာတ်ပုံနဲ့ ရုပ်သံရိုက်ကူးဖို့ စီးပွားဖြစ် ရောင်းနေပြီး ဘယ်လို လျှို့ဝှက် စစ်ဘက်နည်းပညာမှ မပါဘူးလို့ ပြောပါတယ်။
ပါကစ္စတန်စစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အိန္ဒိယ ထောက်လှမ်းရေးယာဉ်ဟာ ပါကစ္စတန်နယ်ထဲ ထိန်းချုပ်ရေးမျဉ်းတလျှောက် ဘင်ဘာမြို့နားမှာ ပျံသန်းခဲ့တဲ့အတွက် ပါကစ္စတန်စစ်တပ်က ပစ်ချခဲ့တယ်၊ ဒီယာဉ်ကို ကောင်းကင်ဓာတ်ပုံ ရိုက်ကူးမှုအတွက် သုံးခဲ့တာလို့ ပြောပါတယ်။
အိန္ဒိယစစ်တပ်ဘက်က မှတ်ချက်မပေးသေးပါဘူး။
ဘင်ဘာမြို့ဟာ ကက်ရှ်မီးယား ဒေသအတွင်းရှိပြီး ပါကစ္စတန်ရော အိန္ဒိယကပါ သူတို့ပိုင်တယ်လို့ ငြင်းနေပါတယ်။
ပါကစ္စတန်နိုင်ငံဟာ ထောင်သောင်းချီတဲ့ အရပ်သားတွေကို သတ်ခဲ့တဲ့ တာလီဘန် သူပုန်တွေ ထကြွသောင်းကျန်းနေတာကို ရင်ဆိုင်နေရတာပါ။ ၁၉၄၇ လွတ်လပ်ရေး ရပြီးကတည်းက အိန္ဒိယနဲ့လည်း စစ်ပွဲကြီး ၃ ကြိမ် ဖြစ်ဖူးပါတယ်။
၂၀၀၄ ခုနှစ်တည်းက အမေရိကန်က ပါကစ္စတန်နယ်ထဲမှာ အယ်လ်ကိုင်းဒါးနဲ့ တာလီဘန် အဖွဲ့ဝင်လို့ သံသယရှိ သူတွေကို ပစ်မှတ်ထားပြီး မောင်းသူမဲ့ ဒရုမ်းယာဉ်နဲ့ တိုက်ခိုက်မှု ၄၁၉ ကြိမ်လုပ်ခဲ့တာပါ။
ပါကစ္စတန်ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတော် အချုပ်အခြာကို ထိခိုက်တယ်လို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လကတော့ ပါကစ္စတန် စစ်တပ်က သူတို့ကိုယ်တိုင်ထုတ် လေဆာနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်စနစ်ပါတဲ့ မောင်းသူမဲ့ယာဉ်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ကြေညာပါတယ်။
အကဲခတ်တွေကတော့ ရုပ်သံထဲမှာ ပြထားတဲ့ မောင်းသူမဲ့ယာဉ်ဟာ ပါကစ္စတန်ရဲ့ နီးကပ်တဲ့ မဟာမိတ် တရုတ်နိုင်ငံထုတ် မော်ဒယ်နဲ့ ဆင်တူတယ်လို့ ပြောကြပါတယ်။