အေဒင်မြို့လေဆိပ်ကို ယီမင်တပ်ဖွဲ့ ပြန်သိမ်းပိုက်

ဓာတ်ပုံ - ရိုက်တာ
4.1K
ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေရဲ့ နောက်ခံထောက်ပံ့မှုနဲ့ ယီမင်တပ်ဖွဲ့တွေဟာ နိုင်ငံတောင်ပိုင်းက အေဒင်မြို့ လေဆိပ်ကို ဇူလိုင် ၁၄ ရက်နေ့က ရှီးယားမွတ်စလင် ဟူသီသူပုန်တွေ လက်ထဲက ပြန်လည် သိမ်းပိုက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့မတ်လ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်ပိုင်း မြေပြင်တိုက်ခိုက်မှု မရှိခဲ့ဘဲ လေကြောင်းက ပစ်ခတ်မှုတွေပဲ အဓိက လုပ်ဆောင်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့တပတ်ကစပြီး ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေရဲ့ နောက်ခံပေးမှု၊ လေကြောင်းပစ်ကူမှုတွေနဲ့ သမ္မတ ဟာဒီကို သစ္စာခံတဲ့ တပ်တွေက တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ အေဒင်မြို့ကို ထိုးစစ်စတင်ခဲ့တာပါ။
ဇူလိုင် ၁၄ ရက်နေ့က အေဒင်မြို့ ပတ်ဝန်းကျင်ကို ဟူသီသူပုန်တွေဆီကနေ ပထမဆုံး ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး တဆက်တည်း လေဆိပ်ကိုပါ ပြန်လည်သိမ်းပိုက် ရရှိခဲ့တာပါ။
ဒါဟာ မြေပြင်စစ်ဆင်ရေးမှာ ဟူသီသူပုန်တွေကို ပထမဆုံး ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လေဆိပ်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အေဒင်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ မြို့လယ်ကိုလည်း သမ္မတ ဟာဒီရဲ့ တပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒုက္ခသည် ရိက္ခာထောက်ပံ့ရေးအဖွဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိ ဆော်ဒီအာရေဗျနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေတဲ့ သမ္မတ ဟာဒီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အီရန် ကျောထောက်နောက်ခံ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေရဲ့ မြို့တော်ဆာနာကို သိမ်းပိုက်ခံရအပြီး နိုင်ငံတောင်ပိုင်းက အမာခံထောက်ခံမှုရတဲ့ အေဒင်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။
အေဒင်မြို့ကိုပါ ဟူသီသူပုန်တွေက ဆက်လက် သိမ်းပိုက်လာတဲ့အတွက် မဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်ကို တိမ်းရှောင်ထွက်ပြေးလာခဲ့တာပါ။
ပြီးခဲ့တဲ့တပတ် ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပြီး ရာမာဒန်ဥပုသ်လ ကုန်ဆုံးချိန်အထိ နှစ်ဘက် အပစ်အခတ် ခေတ္တရပ်စဲမယ်၊ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ယီမင်ပြည်သူတွေအတွက် အရေးပေါ် လူသားချင်း အကူအညီတွေ ၀င်မယ်လို့ ကုလသမဂ္ဂက ကြေညာခဲ့ပေမယ့် တိုက်ပွဲတွေက မရပ်လို့ ဇူလိုင် ၁၃ ရက်နေ့က အစီအစဉ်ပျက်သွားခဲ့ပါတယ်။
အေဒင်ပြည်နယ်က ဒေသခံ ၁ သိန်း ၁ သောင်းကျော်အတွက် ယာဉ်အစီး ၄၀ ပါ စားနပ်ရိက္ခာ ယာဉ်တန်းဟာလည်း အေဒင်မြို့အ၀င် စစ်ဆေးရေးဂိတ်မှာ ဟန့်တားခံထားရတာ ရက်နဲ့ချီ ကြာနေပြီ ဖြစ်ပါတယ်။
၎ လကျော်ကြာ ယီမင်ပြည်တွင်းစစ်အတွင်း သေဆုံးသူအားလုံး ၃၀၀၀ ကျော်သွားပြီဖြစ်ပြီး ပြည်သူ ၁ သန်းကျော်ဟာလည်း နေရပ်ရင်း စွန့်ခွာခဲ့ကြရပြီဖြစ်ပါတယ်။