လှေစီးဒုက္ခသည် ၄၀၀ ကျော် ကယ်ဆယ်ပြီး အီတလီကို ပို့ဆောင်

မြေထဲပင်လယ်ဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့ သင်္ဘောက ဇူလိုင် ၁၅ ရက်နေ့မနက်ပိုင်းက ဆဟာရအောက်ပိုင်းဒေသနိုင်ငံက လှေစီးဒုက္ခသည် ၄၀၀ ကျော်ကို ကယ်ဆယ်ပြီး အီတလီပိုင် စစ္စလီကျွန်းကို ပို့ဆောင်ခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ် ၃၂ ယောက် ပါဝင်ပြီး ဒီကယ်ဆယ်ရေးဟာ ပုဂ္ဂလိက အဖွဲ့အစည်းတခုရဲ့ ပထမဆုံး ကူညီကယ်ဆယ်ရေး အစီအစဉ် ဖြစ်လာပါတယ်။ ဒုက္ခသည်တွေထဲမှာ ဆီးရီးယားတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီပုဂ္ဂလိက ကယ်ဆယ်ရေး အစီအစဉ်ဟာ မော်လ်တာနိုင်ငံက သန်းကြွယ်သူဌေး စီးပွားရေးလုပ်ငန်းရှင် ခရစ္စတိုဖာ (Christopher) နဲ့ သူ့ဇနီး ရစ်ဂီနာ ကတ်ထရန့်မ်ဘွန်း (Regina Catrambon) တို့က ထူထောင်ထားတာဖြစ်ပြီး ယူရိုငွေ သန်းနဲ့ချီ ရင်းနှီးမြှုပ်နှံထားတာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဒီ ဖီးနစ်စ် (Phoenix) သင်္ဘောနဲ့ ဒုက္ခသည်ကယ်ဆယ်ရေး လုပ်ငန်းကို စတင်ခဲ့တာပါ။ ၂၀၁၃ ခုနှစ် အောက်တိုဘာလက အီတလီပိုင် လန်ပီဒူဆာကျွန်းအနီး ဒုက္ခသည် ရာနဲ့ချီ ရေနစ်သေဆုံးခဲ့ကြအပြီး ပုပ်ရဟန်းမင်းကြီးက ဒုက္ခသည်ကူညီကယ်ဆယ်ရေး အစီအစဉ်ကို စတင်ဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ် ပထမ ၅ လအတွင်း ရောက်ရှိလာတဲ့ လှေစီးဒုက္ခသည် ဦးရေဟာ အရင်နှစ် ပထမ ၅ လနဲ့စာရင် ၆၈ ရာခိုင်နှုန်း မြင့်တက်လာတာလို့ ပြီးခဲ့တဲ့တပတ်က အီးယူက ဆိုပါတယ်။ ဒါပေမယ့် အီးယူကို ရောက်ရှိလာတဲ့ ဒုက္ခသည်ဦးရေ အတိအကျ အီးယူက ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် ကုလသမဂ္ဂကတော့ အခုနှစ် ပထမနှစ်ဝက်အတွင်း ဒုက္ခသည် ၁ သိန်း ၃ သောင်း ၅ ထောင် ဥရောပကို ရောက်ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ အများစုကတော့ ဂရိနဲ့ အီတလီနိုင်ငံ ကမ်းခြေတွေကို ရောက်ရှိလာကြတာဖြစ်ပြီး အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေတဲ့နိုင်ငံတွေ၊ အခြေခံ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ နိုင်ငံတွေနဲ့ အလွန်အမင်း ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေကနေ ထွက်ခွာလာကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up