ပဲခူးတိုင်းက ကလေးတဦး စစ်သားအဖြစ် သွတ်သွင်းခံရ
အေးနိုင်
·
May 25, 2011
ပဲခူးတိုင်း၊ မိုးညိုမြို့နယ် သာယာကုန်းကျေးရွာအုပ်စု သပြေပင်ကျေးရွာက (၁၅) နှစ်အရွယ် ကလေးငယ်တယောက်ကို ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်း ခေါ်ယူသွားတယ်လို့ ကလေးရဲ့အဘိုးက ပြောပါတယ်။
မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာမှာ မိခင်မုဆိုးမကို လုပ်ကိုင်ကျွေးမွေးနေတဲ့ မောင်ကုလားကြီးခေါ် မောင်စိုးမင်းထက်ကို စစ်တပ်ထဲ သွင်းခဲ့တာပါ။
တရွာတည်းသား နေပြည်တော် တပ်ထိန်းတပ်ရင်း ခလရ ၃၉၀ က တပ်သား ကျော်နိုင်ဝင်းက ရွာကိုလာရင်း ခေါ်ဆောင်သွားတာလို့ ကလေးရဲ့အဘိုး ဦးထွန်းမြင့်က ပြောပါတယ်။
“အဲဒီတပ်သားကျော်နိုင်ဝင်းလေးက ၅ လပိုင်း၊ ၁၃ ရက်နေ့ ရောက်လာပြီးတော့ ၁၆ ရက်နေ့လည်းကျရော သူပြန်တော့ ကျနော့်မြေးလေးက သူများအိမ်မှာ ငှားနေတာ။ ဖရုံညွန့်ရေလောင်းနေရင်း သူ့ညီလေးခေါ်ခိုင်းပြီးတော့ သူတို့တောထဲထွက်သွားတယ်။”
မောင်ကုလားကြီးဟာ ၁၅ နှစ်သာသာအရွယ်ရှိသေးတာကြောင့် အသက် (၁၈) နှစ်ပြည့်မှ စစ်တပ်ထဲကို ဝင်ရောက်အမှုထမ်းနိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်တာ ဖြစ်ပါတယ်။
မောင်ကုလားကြီး ခေါ် မောင်စိုးမင်းထက်ဟာ အဖ ဦးကြည်ဝင်း (ကွယ်လွန်) နဲ့ မိခင် ဒေါ်နွဲ့တို့ရဲ့သားကြီးဖြစ်ပါတယ်။ သူဟာ မိခင်နဲ့ ညီမနှစ်ဦး၊ ညီငယ်တဦးကို လယ်ထဲဆင်းပြီး တတ်အားသရွေ့ လုပ်ကိုင်ကျွေးမွေးနေတာလို့ ဦးထွန်းမြင့်က ပြောပါတယ်။
ဒီလ ၁၇ ရက်နေ့မှာ အဲဒီစစ်တပ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ ဦးထွန်းမြင့်က ပြောပါတယ်။
“တပ်ရေးဗိုလ်ကြီးက ၁၇ ရက်နေ့က ကျနော်တို့ ဆက်သွယ်တော့ စိုးမင်းထက်ဆိုတဲ့ ကောင်လေးပါလာတယ်တဲ့။ သူ့အမေအဖေတွေ စိတ်မပူပါနဲ့လို့ ပြောခိုင်းတယ်။ ၁၈ ရက်နေ့လည်းဆက်ကော သူတို့က ပါမလာဘူးတဲ့။ နာမည်ထည့်ပြောပြီးမှ နောက်နေ့လည်းကျရော လိမ်တယ်။ ကျနော်တို့က ညနေတခါ မနက်တခါ ဆက်တော့ ကျနော်တို့ကိုပါ သူကကြိမ်းတယ်။ တပ်ကို အသရေဖျက်မှုနဲ့ အရေးယူလို့ရတယ်ဆိုပြီး ကျနော့်ကို ပြန်ခြိမ်းခြောက်တယ်။”
မောင်ကုလားကြီးကို စစ်တပ်ကနေ တရားဝင်နုတ်ထွက်ခွင့်ရရေးအတွက် ကူညီပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးသက်ဝေထံမှာ သွားရောက်အကူအညီတောင်းလို့ ဒီကနေ့ပဲ ရန်ကုန်အခြေစိုက် အိုင်အယ်လ်အို ဆက်ဆံရေးရုံးကို တိုင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။
“ကလေးစစ်သား စုဆောင်းတဲ့ကိစ္စတွေကတော့ ပိုများလာတယ်။ ဘာလို့လဲဆိုတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ တပ်သားသစ်တွေ စုဆောင်းဖို့ တပ်အင်အားဖြည့်တင်းဖို့ဆိုတဲ့ ပေါ်လစီက မဖျက်သေးဘူး။ မဖျက်သေးတော့ အဲဒီမှာ သူ့အပေါ်မှာ မူတည်ပြီးတော့ တပ်သားသစ် အင်အားဖြည့်တင်းတဲ့နေရာမှာ အသက် ၁၈ နှစ်အောက်တွေကို မရမက စုဆောင်းပြီးတော့ မှတ်ပုံတင်တွေမှာ အတုလုပ်ပြီးတော့ အသက်ပြည့်ပါတယ်ဆိုပြီး သွတ်သွင်းနေတာတွေ ဆက်လက်ရှိနေတုန်းပါပဲ။”