A d v e r t i s e m e n t With Us

မက္ကဆီကို မူးယစ်ခေါင်းဆောင် ထောင်မှထွက်မပြေးမီ ရိုက်ကူးထားသည့် ဗွီဒီယိုဖြန့်ချိ (ရုပ်သံ)

ကမ္ဘာ့အလိုရှိဆုံး မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်တဦး ဇူလိုင် ၁၁ ရက်ညက ထောင်ကနေ ထွက်ပြေးမလွတ်မြောက်ခင် နောက်ဆုံးရိုက်ကူးမိထားတဲ့ လုံခြုံရေး ကင်မရာဗွီဒီယိုကို မက္ကဆီကို အာဏာပိုင်တွေက ဇူလိုင် ၁၅ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ သြဇာကြီးမားတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန် (Guzman) ဟာ အကျဉ်းထောင် ရေချိုးခန်းထဲဝင်ပြီး ရေချိုးသလိုလိုနဲ့ ပျောက်သွားတာကို လုံခြုံရေးကင်မရာက ရိုက်ကူးမိထားတာပါ။ ရေချိုးခန်းထဲမှာ အကျယ်လက်မ ၂၀ မြေအောက်ကျင်းထဲကနေ အရှည် ၁ မိုင်ရှိတဲ့ လိုဏ်ခေါင်းကိုဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ မက္ကဆီကို အစိုးရက သတင်းပေးနိုင်သူကို ဆုငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ထုတ်ထားပြီး သူ့ကို လုံခြုံရေးအင်အား အလုံးအရင်းနဲ့ ပိုက်စိတ်တိုက် ရှာဖွေနေပါတယ်။ ဂတ်ဇ်မန်ဟာ ၂၀၀၁ ခုနှစ်က ပထမတကြိမ် ထောင်ကနေ ထောင်ဝန်ထမ်းတွေကို ငွေပေးပြီး အ၀တ်ခြင်းတောင်းနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးပါတယ်။ ဆယ်စုနှစ်တခုကျော်ကြာ တိမ်းရှောင်နေခဲ့ရင်း ပြီးခဲ့တဲ့နှစ်က ပြန်ပြီး ဖမ်းဆီးခံရတာပါ။ အဲ့ဒီတုန်းက အမေရိကန်နိုင်ငံထဲကို မူးယစ်ဆေးတွေ ဘီလီယံနဲ့ချီ ခိုးသွင်းထားလို့ အမေရိကန် အစိုးရက ဒေါ်လာ ၅ သန်း ဆုငွေထုတ်ခဲ့ရတဲ့ ကမ္ဘာ့အလိုရှိဆုံး မူးယစ် ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်ပါတယ်။ သူ အခုလို ဒုတိယအကြိမ် ထွက်ပြေးလွတ်မြောက်သွားတာဟာလည်း ထောင်ဝန်ထမ်းတွေရဲ့ အကူအညီ ပါကိုပါရမယ်လို့ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပါတယ်။ ဒါကြောင့် ထောင်ဝန်ထမ်း ၃၀ ကျော်ကို စစ်မေးမှုတွေလုပ်နေပြီး ထောင်မှူးအပါအ၀င် ထောင်အရာရှိ ၃ ဦးကို တာဝန်က ဖယ်ရှားလိုက်ပြီးဖြစ်ပါတယ်။ လိုဏ်ခေါင်းဟာ အမြင့် ၁ ဒသမ ၇ မီတာ၊ လူတရပ်အမြင့်ရှိပြီး တနှစ်ကြာ ဖောက်လုပ်ရမယ်လို့ လုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။ ဂတ်ဇ်မန်ဟာ ၂၄ နာရီ လုံခြုံရေးကင်မရာတွေနဲ့ရော၊ အမြဲ နောက်ယောင်ခံ ထောက်လှမ်းနိုင်တဲ့ အချက်ပေးကိရိယာတွေရော တပ်ဆင်ထားလျက်နဲ့ လွတ်မြောက်သွားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up