နိုင်ငံပိုင်ပစ္စည်းများကို လူအများရှေ့ လေလံတင်ရောင်းမည်
ရွှေအောင်
·
May 25, 2011
နိုင်ငံပိုင်ပစ္စည်းတွေ လေလံတင်ရောင်းချတဲ့အခါ ထင်သာမြင်သာ ရှိတဲ့ လေလံပွဲမျိုးပြုလုပ်ပြီး ရောင်ချသွားမယ်လို့ သက်ဆိုင်ရာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က တာဝန်ရှိသူတဦးကို ကိုးကားပြီး မေလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်မ်းဂျာနယ်က ရေးသားဖော်ပြပါတယ်။
အရင်လို ချိတ်ပိတ်တင်ဒါစံနစ်မျိုးမလုပ်တော့ဘဲ အများရှေ့မှာ ပုံးကိုချထားပြီး အဆိုပြုလွှာကို ဝယ်မယ်ပြောထားတဲ့သူအားလုံး ထည့်ပြီးရင် အများရှေ့မှာ ပုံးကိုဖောက်ပြီး အများဆုံးပေးနိုင်တဲ့သူကို ရောင်းချသွားမယ်လို့လည်း သတင်းက ဖော်ပြပါတယ်။
အရင် နအဖ လက်ထက်ကလုပ်ခဲ့တဲ့ ထင်သာမြင်သာမရှိတဲ့ လေလံပွဲတွေကို ဝေဖန်မှုတွေ အမြောက်အမြား ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒါဟာ အစိုးရသစ်လက်ထက် ပြောင်းလဲမှုတခု ဖြစ်တယ်လို့ စီးပွားရေးဂျာနယ် အယ်ဒီတာတဦးက သုံးသပ်ပြောကြားလိုက်ပါတယ်။
လူအများ ထင်သာမြင်သာရှိတဲ့ လေလံပွဲတွေလုပ်မယ်ဆိုရင် စာနယ်ဇင်းတွေလည်း လွတ်လွတ်လပ်လပ် ဝင်ရောက်လေ့လာနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဒီလိုလုပ်လာမယ်ဆို အားလုံးအတွက်လည်း အကျိုးရှိပါတယ်လို့ မြန်မာ့ဓနမဂ္ဂဇင်းအယ်ဒီတာ ဆရာသီဟစောက အခုလိုပြောပါတယ်။
“အရင်ကလည်း ကျနော်တို့ လုပ်နေကျကတော့ တကယ်လို့ သတင်းကြားတာပေါ့။ Public Auction လုပ်တယ်။ အများရှေ့မှာလုပ်တယ်ဆိုရင် သတင်းသမားက ဝင်လို့ရတယ်။ အခုလုပ်တဲ့ပုံစံမျိုးဆိုရင်တော့ အဲလိုသဘောမျိုးထင်တယ်။ မီဒီယာသမားလည်း ဝင်ကြည့်ပေါ့။ အဲလိုတော့ ပေးမယ်လို့ ထင်တယ်။ ကောင်းတဲ့ကိစ္စပါပဲ။ များများလုပ်လေကောင်းလေ။ ပြည်သူလည်းအကျိုးရှိမယ်။ တိုင်းပြည်လည်း အကျိုးရှိမယ်။ အစိုးရလည်း အကျိုးရှိမယ်။”
အစိုးရသစ်မတက်ခင် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက နိုင်ငံပိုင်အဆောက်အဦ ၇၆ ခု၊ ဖေဖော်ဝါရီလကုန်ပိုင်းက နိုင်ငံ ပိုင်အဆောက်အဦ၊ မြေကွက်နဲ့တိုက်ခန်းပေါင်း ၂၆၈ ခုတို့ကို လေလံတင်ရောင်းချခဲ့ပါတယ်။