A d v e r t i s e m e n t With Us

တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှု တရုတ်ကို အေအိုင်အဖွဲ့ ဝေဖန်

ဓာတ်ပုံ - the-newshub
တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေကို နှိမ်နင်းမှုတွေအတွင်း တရုတ်ရဲတွေက ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူ ၁၀၁ ယောက်ကို ဖမ်းဆီးတာ ဒါမှမဟုတ် စစ်မေးတာတွေ လုပ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး - Amnesty International (အေအိုင်) က ပြောလိုက်ပါတယ်။ ထိန်းသိမ်းခံရသူတွေထဲမှာ ဆေးကုခွင့် ငြင်းခံရပြီး အချုပ်ခန်းထဲမှာ သေဆုံးခဲ့တဲ့ ဝီဂါလူမျိုး၊ အစိုးရနဲ့ သဘောထားချင်း ကွဲလွဲသူကို ကိုယ်စားပြု ရှေ့နေလိုက်ပေးခဲ့တဲ့ ဖန်းရွဲ့ ဥပဒေအဖွဲ့က ထင်ရှားတဲ့ ရှေ့နေ ဝမ်ယုနဲ့ လုပ်ဖော်ကိုင်ဘက် အတော်များများ ပါဝင်ပါတယ်။ လတ်တလောရက်တွေအတွင်း လူသိများပြီး ဖမ်းဆီးစစ်မေးခံရတဲ့ တခြား ရှေ့နေတွေထဲမှာ အစိုးရနဲ့ သဘောထားကွဲလွဲသူ မျက်မမြင် ချန်ဂွမ်ချန်ရဲ့ ရှေ့နေ လီဟပင်း၊ အနုပညာရှင် အိုင်ဝေဝေကို ရှေ့နေလိုက်ပေးသူ လျိုရှောင်ယွမ်နဲ့ တိုဟီကို ခုခံလျှောက်လဲပေးသူ လီဖန်ပင်းတို့ ပါဝင်ပါတယ်။ ရဲတွေကတော့ ဝမ်ယု အလုပ်လုပ်နေတဲ့ ဖန်းရွဲ့ ဥပဒေအဖွဲ့ဟာ အကြီးစား ရာဇဝတ်မှုအဖွဲ့ ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၂ ခုနှစ်တည်းက အထိအခိုက်မခံတဲ့ အမှု ဒါဇင်ပေါင်းများစွာ ပါဝင်နေတဲ့ ညှိနှိုင်းဆောင်ရွက်ရေး စင်္ကြန်သဖွယ် အလုပ်လုပ်နေခဲ့တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့နေ့စဉ် သတင်းစာက ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က အစီရင်ခံပါတယ်။ ဟောင်ကောင် အခြေစိုက် အေအိုင်ရဲ့ သုတေသန ပညာရှင် ဝီလျံ နီး ကတော့ တရုတ်အစိုးရဟာ အထိမခံတဲ့ အမှုတွေကို ရှေ့နေလိုက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေကို အင်မတန် စိုးရိမ်တယ်လို့ ပြောပါတယ်။ “သူတို့ဟာ လူမှုကွန်ရက်မီဒီယာ လမ်းပေါ်ဆန္ဒပြတာ၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြတာတွေကို သုံးတယ်။ သူတို့မှာ ကြီးမားတဲ့ သက်ရောက်မှုရှိပြီး လူ့အဖွဲ့အစည်းအပေါ်လည်း သက်ရောက်မှု ရှိတယ်။ အစိုးရဟာ ရှေ့နေတွေရဲ့ သြဇာ တိုးလာတာကို အင်မတန် ကြောက်နေတယ်။ ရှေ့နေတွေဟာ အစိုးရမကြိုက်တာတွေအတွက် ရှေ့နေလိုက်ပေးနေတယ်လေ။” ဇူလိုင် ၁၀ ရက်နေ့ကတော့ တရုတ်ရှေ့နေ အယောက် ၁၀၀ ကျော်က ဝမ်ကို ဖမ်းဆီးမှု ဆန့်ကျင်တဲ့ အနေနဲ့ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ သူတို့ထဲ လူအများအပြားက ဖမ်းဆီးထိန်းသိမ်း ခံနေရတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။ အရင်လက အမေရိကန်အစိုးရရဲ့ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံအတွင်း တက်ကြွ လှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ အထိမခံတဲ့ အမှုတွေကို ရှေ့နေလိုက်တဲ့ ရှေ့နေ အဖွဲ့အစည်းတွေအပေါ် ဖိနှိပ် အကျပ်ကိုင်တာတွေ ပုံမှန် ဖြစ်နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ တောင်းပန်ထားတဲ့ ဖက်စ်နဲ့ မေးမြန်းမှုကို အကြောင်းမပြန်ခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up