အပန်းဖြေကမ်းခြေတွင် ဘစ်ကနီဝတ်ရေး မ၀တ်ရေး ငြင်းခုံ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက ဒါနန်း ကမ်းခြေမြို့လေးရဲ့ အစည်းအဝေးတခုကနေ စတင်တဲ့ “အပန်းဖြေကမ်းခြေမှာ အမျိုးသမီး ရေကူးဝတ်စုံကို မ၀တ်မနေရ သတ်မှတ်သင့်သလား” ဆိုတဲ့ အကြောင်းအရာဟာ ဗီယက်နမ်နိုင်ငံမှာ လူပြောများပြီး ဆွေးနွေးနေကြတယ်လို့ Tuoi Tre သတင်းက ရေးပါတယ်။ ဒါနန်းကမ်းရိုးတန်းမြို့ရဲ့ ဇူလိုင် ၉ ရက်နေ့ ပြည်သူ့ကောင်စီ အစည်းအဝေးမှာ  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ ဒီခေါင်းစဉ်ဟာ အကြိတ်အနယ် ဆွေးနွေးစရာကိစ္စ ဖြစ်ခဲ့တာပါ။ ဒါနန်းမြို့ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးလုပ်ငန်း ဦးစီးဌာနရဲ့ အကြီးအကဲ Ngo Quang Vinh က ဒါနန်းမြို့ရဲ့ သန့်ရှင်းမှု၊ လှပမှု၊ ကမ်းခြေမှာ တန်ဖိုးနည်း ၀န်ဆောင်မှု ပေးတာတွေအပေါ် နိုင်ငံခြားသား ခရီးသည်တွေက ချီးကျူးကြတဲ့အကြောင်းနဲ့ ပြောပါတယ်။ ဒါပေမယ့် တချို့ နိုင်ငံခြားသား ဧည့်သည်တွေက ဗီယက်နမ်ပြည်သူတွေဟာ အမျိုးသမီး ရေကူးဝတ်စုံ ဘစ်ကနီတွေ မ၀တ်ဘဲ ညအိပ်အ၀တ်အစားတွေနဲ့ ကမ်းခြေကို လာရောက်ကြတဲ့ အပေါ်ကိုတော့ စောဒကတက်ကြပြီး ဘစ်ကနီဝတ်ဖို့ စည်းမျဉ်းပြဋ္ဌာန်းသင့်တဲ့အကြောင်း တိုက်တွန်းပြောဆိုကြတယ်လို့ သူက ပြောပါတယ်။ ဒီအစည်းအဝေးပြီးတဲ့နောက် အပန်းဖြေကမ်းခြေမှာ ဘစ်ကနီဝတ်ဖို့ စည်းကမ်းသတ်မှတ်လိုသူတွေနဲ့ ဒီသတ်မှတ်ချက်ဟာ ဗီယက်နမ်တွေရဲ့ မိရိုးဖလာ အခြေအနေနဲ့ မသင့်တော်ဘူးလို့ ရပ်တည်သူတွေ အကြားမှာ အချေအတင် ဆွေးနွေးငြင်းခုံမှုတွေ ဆက်လက်ဖြစ်ပွားနေကြပါတယ်။ တချို့ကဆို ဗီယက်နမ်ပြည်သူ အများအပြားဟာ အပန်းဖြေကမ်းခြေကို သွားလည်တဲ့အခါ ၀တ်စုံပြည့် ၀တ်ဆင်နေကြသလို ည၀တ်အင်္ကျီနဲ့ သွားတာဟာ တိုးတက်မှုအဖြစ် ရှုမြင်ပြောဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up