A d v e r t i s e m e n t With Us

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏ ရက်စက်မှုအကြောင်းစာအုပ် တရုတ်ဖြန့်ချိ

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ရဲ့ ရက်စက်မှုတွေအကြောင်း ပြုစုထားတဲ့ စာအုပ်တွေကို တရုတ်အစိုးရက ပုံနှိပ် ဖြန့်ချိလိုက်ပါတယ်။ တရုတ်အစိုးရ ပြန်ကြားရေးရုံးက ဖြန့်ချိလိုက်တဲ့ စာအုပ်တွေကို ဂျပန်တော်လှန်ရေး ကာလအတွင်း တရုတ်ပြည်ရဲ့ ဆုံးရှုံးမှုတွေ၊ ဂျပန်ကျူးကျော်မှု ကာလအတွင်း ရှန်ဒေါင်းပြည်နယ်မှာ သေဆုံးခဲ့သူတွေအကြောင်း ဆိုပြီး နာမည်ပေးထားပါတယ်။ တရုတ်ပြည်မှာ ဂျပန် တော်လှန်ရေးကာလအတွင်း စစ်ဘက်ရော၊ အရပ်ဘက်ပါ လူပေါင်း ၃၅ သန်းလောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်ကြီး တခုလုံးအတွင်း နိုင်ငံပေါင်းစုံမှာ သေဆုံးခဲ့တဲ့ လူအားလုံးရဲ့ ၃ ပုံ ၁ ပုံ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီကာလအတွင်းမှာ လူပေါင်း ၈၀၀ ၀န်းကျင်ကို တကြိမ်တည်း သတ်ဖြတ်တဲ့ အမှုပေါင်း ၁၇၃ ကြိမ် ရှိခဲ့ပြီး ဒါတွေကို အသေးစိတ် ဖော်ပြထားတယ်လို့ ကွန်မြူနစ်ပါတီ သမိုင်းသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး လီ ဇောင်ကျီက ရှင်းပြပါတယ်။ ရှန်ဒေါင်းပြည်နယ်က အသေအပျောက် စာရင်းစာအုပ်မှာ တယောက်ချင်းရဲ့ အမည်၊ မွေးဖွားရာ ဇာတိ၊ သေဆုံးတဲ့နေရာ၊ သေဆုံးတဲ့ အချိန်တွေကို အတိအကျ ဖော်ပြထားပါတယ်။ အစိုးရ မော်ကွန်းဌာနက အချက်အလက်တွေ မပြည့်စုံ၊ မတိကျတဲ့အတွက် စာအုပ်ထဲမှာ ထည့်မယ့် အချက်အလက်တွေကို စုဆောင်းဖို့အတွက် အတော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်လို့လည်း ပြောပါတယ်။ အခုတော့ စာရင်းအတိအကျကို ပြုစုနိုင်ပြီးဖြစ်လို့ ကမ္ဘာကြီးကို တင်ပြလိုက်တဲ့သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီစာအုပ် ၂ အုပ်ကို ပြုစုဖို့ သုတေသနအဖွဲ့ကို တရုတ်အစိုးရက ၂၀၀၄ ခုနှစ်ကတည်းက ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up