ကိုလံဘီယာတောတွင်း ၁၈ ရက်ကြာ ပျောက်ဆုံးနေသည့် မိန်းကလေး အသက်ရှင်လျက်ပြန်တွေ့ (ရုပ်သံ)

ကိုလံဘီယာနိုင်ငံမြောက်ပိုင်းက တေရိုနာ တောနက်ထဲမှာ ၁၈ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ကိုလံဘီယာ အာဏာပိုင်တွေက ဇူလိုင် ၁၃ ရက်နေ့မှာ အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၈ ရက်က မိဘတွေနဲ့ အုန်းသီးကောက်ချိန်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး တစုံတယောက်က သူရှိတဲ့နေရာကို ညွှန်ပြပြောဆိုခဲ့လို့ ပြန်ပြီးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင် ကိုလံဘီယာရဲတပ်ဖွဲ့က မြေပြင်မှာရော လေယာဉ်တွေနဲ့ပါ ၁၈ ရက်ကြာ ရှာဖွေခဲ့ကြပေမယ့် မတွေ့ခဲ့ကြပါဘူး။ ပြောတဲ့အတိုင်းပဲ တဲအပျက်တလုံးထဲမှာ အားအင်ပြတ်လပ်လျက် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆန်တာမာတာမြို့နယ်ရဲမှူးက ပြောပါတယ်။ သူ တဲပျက်ထဲကို ဘယ်လိုရောက်ရှိလာတယ်၊ ၁၈ ရက်ကြာအောင် ဘယ်လိုအသက်ရှင်နေနိုင်လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ခြေထောက်မှာ ဒဏ်ရာတွေတွေ့ရှိလို့ ကလေးဟာ တော်တော်ဝေးလံတဲ့ခရီးကို လမ်းလျှောက်ခဲ့ရပုံ ပေါ်တယ်လို့လည်း ပြောပါတယ်။ မိသားစုဝင်တွေနဲ့တော့ ဆေးရုံအသွား လမ်းမှာဆုံတွေ့ခဲ့ရပြီး သမီးကို ပြန်လည်တွေ့ရှိတဲ့အတွက် ဘုရားသခင်နဲ့ ကိုလံဘီယာ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ရှိတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အမည်မဖော်လိုသူ တယောက်က နေရာပြောပြတယ်ဆိုတာရယ်၊ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦးက တောထဲမှာ ၁၈ ရက်တိုင်တိုင် ဘယ်လိုအသက်ဆက်နေနိုင်တယ် ဆိုတာကို အာဏာပိုင်တွေက စုံစမ်းမှုတွေ လုပ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up