ရုရှားတွင် စစ်တန်းလျားပြိုကျ၊ တပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံး (ရုပ်သံ)

1.8K
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား တောင်ပိုင်းဒေသက အုန်းစ်ခ် (Omsk) မြို့မှာ ဇူလိုင် ၁၂ ရက်နေ့ညက စစ်တန်းလျားတခု ပြိုကျခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ဘက်အာဏာပိုင်တွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ တပ်ဖွဲ့ဝင် ၁၉ ဦးကိုတော့ မော်စကိုမြို့တော်ကို ပို့ဆောင် ဆေးကုသထားပါတယ်။
သေဆုံးခဲ့ကြသူတွေ အားလုံးဟာ တပ်သားသစ်တွေဖြစ်ပြီး အသက်အငယ်ဆုံးက ၁၈ နှစ်လို့လည်း ပြောဆိုပါတယ်။
၂၀၁၃ ခုနှစ်က ဒီစစ်တန်းလျား ပြုပြင်မွမ်းမံခဲ့မှုနဲ့ ဆက်စပ်မှုရှိ၊ မရှိလည်း စုံစမ်းစစ်ဆေးနေပါတယ်။
ဒီစစ်တန်းလျားဟာ လေထီးသင်တန်းကျောင်း စစ်တန်းလျားဖြစ်ပြီး တပ်သားသစ်တွေ အိပ်ရာဝင်ခါစမှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သေဆုံးခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လျော်ကြေး ထိုက်ထိုက်တန်တန်ပေးမယ်လို့ ချက်ချင်းကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ရုရှားတပ်တွင်း မတော်တဆမှုတွေနဲ့ တပ်ဖွဲ့ဝင်တွေ မကြာခဏ ထိခိုက်သေဆုံးနေတဲ့ ပုံရိပ်ကို အဖတ်ဆယ်ချင်တဲ့၊ ရုရှားတပ်မတော်ကိုလည်း ခေတ်မီတပ်မတော်ကြီးဖြစ်အောင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတဲ့ သမ္မတ ပူတင်အတွက်တော့ နိုင်ငံရေးထောက်စရာအကွက် ဖြစ်ခဲ့ပါတယ်။