A d v e r t i s e m e n t With Us

အာဖဂန် တွင် အသေခံဗုံးခွဲမှုကြောင့် လူ ၃၃ ဦးသေဆုံး

အသေခံဗုံးခွဲမှုကြောင့်သေဆုံးသွားသူတဦး၏ ဈာပန ကျင်းပနေစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခို့စ် (Khost) ပြည်နယ်မှာ အရင် စီအိုင်အေ ထောက်လှမ်းရေးဌာန ဖွင့်ခဲ့တဲ့ ချက်ပ်မင် (Chapman) စစ်အခြေစိုက်စခန်း အနီးမှာ ဇူလိုင် ၁၂ ရက်နေ့က အသေခံ ကားဗုံးပေါက်ကွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လူ ၃၃ ဦး သေဆုံးသွားခဲ့ပါတယ်။ အာဖဂန်တပ် စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲခဲ့တာဖြစ်လို့ သေဆုံးသူအများစုက ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်ပြီး သေဆုံးသူတွေထဲမှာ အရပ်သား ၂၇ ဦးနဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ဖြစ်တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီတပ်မှာ အာဖဂန်တပ်ဖွဲ့ဝင်တွေရော အမေရိကန်တပ်ဖွဲ့ဝင်တွေပါ တပ်စွဲထားတာ ဖြစ်ပေမယ့် အမေရိကန်တပ်ဖွဲ့ဝင် တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ စစ်ဆေးရေးဂိတ်မှာ အရပ်သားကားကို စစ်ဆေးနေချိန် ပေါက်ကွဲခဲ့တာဖြစ်လို့ အရပ်သားအများစု သေဆုံးရတာ ဖြစ်ပါတယ်။ အရင် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီရုံးအဖြစ် ဖွင့်ခဲ့စဉ် ၂၀၀၉ ခုနှစ်က တာလီဘန်တွေရဲ့ တိုက်ခိုက်ခံရတုန်းကတော့ စီအိုင်အေ ထောက်လှမ်းရေးအရာရှိ ၇ ဦး သေဆုံးခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေအပေါ် အဆိုးဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ အခုနောက်ဆုံး အသေခံဗုံးခွဲတိုက်ခိုက်မှုကို တာဝန်ခံတဲ့ အဖွဲ့အစည်း ကြေညာတာ မရှိသေးပေမယ့် ပြီးခဲ့တဲ့ ဧပြီလကစပြီး အာဖဂန်အစိုးရအပေါ် တာလီဘန်တွေက ထိုးစစ်အရှိန်မြှင့်နေချိန် ဖြစ်ပါတယ်။ ခို့စ်ပြည်နယ်ဟာ ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပြည်နယ်ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှု အများဆုံးဖြစ်ပွားတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up