A d v e r t i s e m e n t With Us

အမေရိကန်မှဝယ်ထားသည့် F-16 တိုက်လေယာဉ် အီရတ်သို့ရောက်

ဓာတ်ပုံ - ရိုက်တာ
အီရတ်အစိုးရဟာ အမေရိကန်ဆီက F-16 တိုက်လေယာဉ် ပထမအသုတ်ကို ဇူလိုင် ၁၃ ရက်နေ့က လက်ခံရရှိတယ်လို့ ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီရဲ့ရုံးက ပြောပါတယ်။ နိုင်ငံဧရိယာရဲ့ ၃ ပုံတပုံကို ထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အီရတ်ဟာ သူ့လေတပ်ကို အားဖြည့်ဖို့ လော့ခ်ဟိဒ် မာတင် လေယာဉ် ၃၆ စီးကို အမေရိကန်ဒေါ်လာ ၆၅ သန်းနဲ့ မှာယူခဲ့တာပါ။ နိုင်ငံတလွှား ကျယ်ပြန့်တဲ့ ဧရိယာတွေကို အိုင်အက်စ် စစ်သွေးကြွတွေက သိမ်းပိုက်ထားလို့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ကနဦး သယ်ပို့မှုတွေ နှောင့်နှေးခဲ့ပါတယ်။ ဂျက်လေယာဉ် လေးစီးဟာ ဘဂ္ဂဒက်မြို့မြောက်ဘက် ဘာလဒ် လေတပ် အခြေစိုက်စခန်းကို မွန်းလွဲပိုင်းမှာ ဆင်းသက်ခဲ့တယ်လို့ အီရတ် လေတပ်အရာရှိ တယောက်က ပြောပါတယ်။ လေတပ် စစ်ဦးစီးအရာရှိ ဒု-ဗိုလ်ချုပ်ကြီး အန်နဝါ ဟာမာ အာမင်က ရက်ပိုင်းအတွင်း ဂျက်လေယာဉ်တွေဟာ အိုင်အက်စ်တွေနဲ့ တိုက်ပွဲတွေမှာ အသုံးပြုမယ်လို့ ပြောပါတယ်။ လေယာဉ်တွေက ပစ္စည်းအပြည့်အစုံ တပ်ဆင်ထားပြီး လေယာဉ်မှူးတွေက စမ်းသပ်မှု နည်းနည်းလုပ်ပြီးတာနဲ့ တိုက်ခိုက်မှု စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ သူက ပြောပါတယ်။ အီရတ်လေတပ်ဟာ အန်ဘာခရိုင်တွင်းက ပိုင်နက်တွေကို သိမ်းပိုက်ဖို့ ဇူလိုင် ၁၃ ရက်နေ့က ဘဂ္ဂဒက်မြို့တော်ရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းက အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ အန်ဘာခရိုင်က စစ်တပ်သတင်းရင်းမြစ်ကတော့ သူပုန်တွေက အကြီးအကျယ် ခုခံတာ ရင်ဆိုင်ရပြီး အသေခံ ကားဗုံးခွဲမှု ငါးခုနဲ့ ဖာလူဂျာမြို့ဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခုခံတာ ခံခဲ့ရတယ်လို့ ပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်ဥရောပနဲ့ အာရပ်လေတပ်တွေကလည်း အီရတ် မြေပြင်တပ်တွေနဲ့ လက်နက်အင်အားနည်းတဲ့ လေတပ်တို့ကို ထောက်ပံ့ရင်း အီရတ်နိုင်ငံတလွှား အိုင်အက်စ်တွေရဲ့ ခြေကုပ်စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up