A d v e r t i s e m e n t With Us

ကိုယ်ရှိန်သတ် ရပ်နိုင်ပါ့မလား

မန္တလေးသားမဟုတ်တဲ့ မိတ်ဆွေများ မြင်လာအောင် ပြောရမယ်ဆိုရင် ၃၅-အေလမ်းတို့၊ ၂၆-ဘီလမ်းတို့၊ ၂၂-စီလမ်းဆိုတာ အရှေ့နဲ့အနောက် အရှည်လိုက်ကြီးဖြစ်သလို တရုတ်တန်းလမ်းမဖြစ်တဲ့ လမ်း ၈၀ တို့၊ ၇၈ လမ်းလို့ခေါ်တဲ့ ရန်ကုန်-မန္တလေး လမ်းမကြီးတို့၊ ၇၉ လမ်းတို့ကလည်း တောင်မြောက် အရှည်လိုက်ကြီးပါ။ ၃၅ လမ်း ကုန်းကျော်ကတော့ အနောက်ဘက်လမ်း ၈၀ ကစ ၇၉ လမ်းကို ခွကျော် ၇၈ လမ်း အရှေ့ဘက်ခြမ်းမှာ ဆုံးပါတယ်။ သည်လမ်းဆုံကလည်း လမ်းလေးခွဆုံလည်း ဖြစ်ပြန်တော့ အတော်ကို အသွားအလာများပြီး ရှုပ်ထွေးတဲ့လမ်းမကြီးပါ။ ကြောက်စရာအကောင်းဆုံးအချိန်ကတော့ မီးနီနဲ့မီးစိမ်း ပြောင်းတဲ့ အချိန်ခဏလေးမှာပါ။ မီးစိမ်းပြီဆိုတာနဲ့ မီးနီဘက်မှာ ရပ်စောင့်နေသူများကလည်း အမြန်ထွက်ချင်သလို မီးစိမ်းဘက်က လာနေတဲ့ သူတွေကလည်း မီးနီမမိအောင် အလုအယက် ဇွတ်ရော၊ အတင်းရော လွတ်အောင် မောင်းတတ်ကြပါတယ်။ ပြိုင်ပွဲဝင်နေတဲ့သူတွေထက် သာပါတယ်။ တည ကျနော် ၉ နာရီလောက် အလုပ်ကအိမ်ကိုအပြန်မှာ ၃၅ လမ်း ကုန်းကျော်မီးပွိုင့်မှာ မီးနီမိလို့ စောင့်နေပါတယ်။ ကျနော်က မြောက်ဘက်ကနေ တောင်ဘက်ကို သွားမှာပါ။ မီးအနီနဲ့အစိမ်းရဲ့ကြားက အ၀ါရောင်လေး အချက်ပြလိုက်တဲ့ အချိန်လေးမှာ ၃၅ လမ်းကုန်းကျော်ပေါ်ကနေ ဂျစ်ပုလေးတစီးကလည်း မီးနီကို မစောင့်ရအောင် ဇွတ်ဆင်းပြီး မြောက်ဘက်ကို ကွေ့လာသလို အရှေ့ဘက်ကနေ အနောက်ဘက် ကုန်းကျော်ပေါ်ကိုတက်မယ့် လူသုံးယောက် တင်လာတဲ့ ဆိုင်ကယ်ကလည်း အရှိန်ပြင်းပြင်းနဲ့ တက်လာပါတယ်။ ရပ်နေတဲ့ တောင်မြောက်နှစ်ဘက်က ဆိုင်ကယ်နှစ်စီးကလည်း မီးဝါပြောင်းတယ်ဆိုတာနဲ့ တစီးက အရှေ့ဘက်ကိုကွေ့ တစီးကလည်း ကုန်းကျော်ပေါ်ကို အရှိန်နဲ့တက်လာပါတယ်။ အဲဒီအချိန်မှာ ဆင်းလာပြီး မြောက်ဘက်ကို ကွေ့တဲ့ကားနဲ့ မြောက်ဘက်ကနေ ကုန်းကျော်ပေါ်ကို တက်လာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိတဲ့အခါ အရှေ့ဘက်ကနေ ကုန်းကျော်ကိုတက်မယ့် လူသုံးယောက်နဲ့ ဆိုင်ကယ်ကလည်း ဟိုနှစ်စီးတိုက်တာကို မြင်လို့ ကြောက်လန့်ပြီး ရှောင်လိုက်မှ အရှေ့ဘက်ကို ကွေ့လာတဲ့ တောင်ဘက်ကလာတဲ့ ဆိုင်ကယ်နဲ့ တည့်တည့်တိုးပါတော့တယ်။ အားလုံးက အတုံးအရုံးနဲ့ သွေးသံရဲရဲ မြင်မကောင်းအောင်ပါပဲဗျာ။ ဖြစ်ရတဲ့အကြောင်းကတော့ စည်းကမ်းမရှိတာလည်းပါတယ်၊ တကယ်တော့ အရှိန်မလျှော့နိုင်တာကြောင့်ပါ။ ဘယ်လိုပဲမှားမှား ကိုယ့်ရဲ့အရှိန်လေးကို လျှော့နိုင်တယ်ဆိုရင် နှစ်ဘက်စလုံးက လွတ်အောင် ရှောင်နိုင်ကြမယ်လို့ ထင်ပါတယ်။ ဒါကိုမြင်တော့ “အရှိန်” “အရှိန်” “အရှိန်” “အရှိန်” ဆိုတဲ့ အတွေးကြီးက ကျနော့်ခေါင်းကို တူနဲ့ထုသလို ခံစားနေရပါတယ်။ ခုခေတ်ကြီးကလည်း ရှိရှိသမျှ အားလုံးဟာ အချိန်နဲ့အမျှ မြန်သထက်မြန်အောင် အရှိန်အဟုန်မြှင့်လို့ လုပ်နိုင်မှတော်ကာကြတဲ့ “အလျှင်စလို” ခေတ်ကိုး။ သည်တော့ လူတိုင်းဟာ သွားရင်းလာရင်းလည်း အရှိန်ကမြှင့်ကြသလို ကိုယ့်စီးပွားရေးလုပ်ရင်လည်း အရှိန်ကို မြင့်သထက်မြင့်အောင် လုပ်လာရုံတင်မကဘဲ အလွယ်လမ်းကိုလိုက်တဲ့ နေရာမှာ သုံးကြ၊ ဂျင်းနီနဲ့ကြက်ဖတို့ရဲ့သီချင်းလေးလို “ဒုက္ခတွေ့ပြီပေါ့” ဖြစ်ကုန်ပါတယ်။ တနေ့က အရှိန်မသတ်နိုင်လို့ ဘ၀ပျက်သွားတဲ့ အသိတယောက်ကို ၃၅ လမ်းက မီးပွိုင့်မှာ ဆိုင်ကယ်ကယ်ရီလုပ်ရင်း လူစောင့်နေတာကို တွေ့ရပါတယ်။ သူ့ဘ၀က အောက်ခြေကနေ ကြိုးစားပြီး တက်လာရာကနေ အမြင့်ရောက်မှပြုတ်ကျတာပါ။ သူငယ်ငယ်က ဈေးချိုထဲက ဆိုင်တဆိုင်မှာ အလုပ်သမားပဲပြောပြော အရောင်းသမားပဲ ဆိုဆို ၀င်လုပ်ပါတယ်။ ရိုးသားတယ်၊ ကြိုးစားတယ်၊ ထက်မြက်တယ်၊ သွက်လက်တယ်။ ဒီတော့ တဆိုင်လုံးမှာ သူမပါရင်မပြီးတဲ့ ကီးပလေယာ ဖြစ်လာပါတယ်။ နောက်နှစ်တော်တော်ကြာတော့ သူ့ဆရာရဲ့ ကလေးတွေကလည်း အရွယ်ရောက်လာတော့ သူ့ဆရာက သူ့ကို ဆိုင်ထောင်ချင်ရင် ထောင်ဆိုပြီး ခွင့်ပြုလိုက်ပြီး အထိုက်အလျောက်လည်း ကူညီလိုက်ပါသတဲ့။ အစကတော့ သူ့ဆရာနဲ့သူ လုပ်ခဲ့တဲ့ ဖိနပ်လိုင်းပေါ့။ နောက်အမြင်လည်းကျယ်လာတော့ တခြားပစ္စည်းတွေကိုပါ ချဲ့လို့တင်လာပါတယ်။ နယ်ကုန်သည်ဆိုတာကလည်း နွားချည်တဲ့ကြိုးကအစ လိုတာမှန်သမျှ အကုန်အစုံ တင်ရောင်းတာကိုး။ သူကလည်း သူ့ဖောက်သည်လိုတာ အကုန်ရအောင် တင်ထားသလို မရှိရင်လည်း ၀ယ်ထည့်ပေးတယ်။ ပေါင်းသင်းဆက်ဆံရေးကလည်းကောင်း သူ့မိန်းမကလည်း တဖက်တလမ်းက ဆိုင်ထိုင်ပြီး လုပ်ပေးတယ်ဆိုတော့ စီးပွားက တက်လာပါတယ်။ ဖောက်သည်လည်း များသထက်များလာတယ်ဆိုတော့ ပိုပိုပြီးရောင်းကောင်းလာတယ်၊ သည်တော့ များများဝယ်နိုင်တယ်။ များများဝယ်နိုင်တယ် ရောင်းကောင်းတဲ့ဆိုင် ဖြစ်နေတော့ သူတဆင့်ယူရောင်းနေတဲ့ ဆိုင်တွေ၊ ကုမ္ပဏီတွေက သူယူမယ်ဆိုရင် အကြွေးကို ကြိုက်သလောက်ယူဆိုပြီး အတိုင်းအဆမရှိ ပေးပါတော့တယ်။ သူကလည်း အကြွေးယူလို့ရတော့ သူ့ဖောက်သည်ကို တဆင့်အကြွေးပြန်ချပေးပါတော့တယ်။ နောက်လုပ်ငန်းချဲ့မယ်ဆိုပြီး မိန်းမက တဆိုင် ယောက်ျားက တဆိုင် နေရာခွဲလို့ အပြိုင်ဖွင့်ပါတော့တယ်။ အရှိန်ကို မြှင့်လို့ နှစ်ဆိုင်ဖွင့်လိုက်တဲ့အခါ ဖောက်သည်တွေ အသစ်တိုးလို့ စီးပွားလည်း တက်သထက်တက်လာပါတယ်။ ဒါပေမယ့် မြှင့်လာတဲ့အရှိန်ကို လူက မလိုက်နိုင်တော့ပါဘူး။ အမှားအယွင်းတွေ များလာတယ်။ စာရင်းကို သေချာမလုပ်နိုင်တော့ မရိုးသားသော ၀န်ထမ်းက မသိအောင်ဖြောင်ပါတယ်။ အကြွေးကို ဖိဖိစီးစီး အရင်လိုမတောင်းနိုင်တဲ့အတွက် ဖောက်သည်တွေက မတောင်းတော့ မပေး၊ သူများဆီက မရတော့ ကိုယ်ကသူများကို အချိန်မီ ပြန်မပေးနိုင်ဆိုတဲ့ပြဿ    နာက အရင်စ၀င်လာပါတယ်။ တဆိုင်က နှစ်ဆိုင်ဖြစ်လာတော့ အရင်းကလည်း တရင်းက နှစ်ရင်းဖြစ်လာတယ်လေ။ ၂၀၀၀ ပြည့်နှစ် စီးပွားရေး အခက်ကြုံတဲ့နှစ်မှာ သူက သိန်းရာချီပြီး အကြွေးပေးထားတဲ့ နယ်စပ်က ဖောက်သည်တယောက်က ထွက်ပြေးသွားတာ အစအနကို ပျောက်သွားပါတယ်။ သူရောင်းထားတဲ့ ဆိုင်ကလေးတွေ တော်တော်များများလည်း အရင်းပြုတ်တာနဲ့ ကြုံရပါတယ်။ ပေးစရာ တာဝန်အားလုံးဟာ သူ့အပေါ်မှာ ကျန်နေခဲ့ပါတယ်။ ဒီအချိန်ကျမှ စာရင်းတွေကို ပြန်လိုက်စစ်တော့ သူပေးစရာ အကြွေးတွေဟာ သူရစရာအကြွေးထက် အများကြီးရှိနေပေမယ့် ဆိုင်မှာ ငွေကော၊ ကုန်လက်ကျန်ပါ ခါလီဖြစ်နေပါတော့တယ်။ ပိုင်ဆိုင်မှုတွေ ဘယ်ကိုရောက်လို့ ရောက်မှန်း မသိဘူးဆိုတာကို သူသိလိုက်တဲ့အချိန်မှာ အရမ်းကိုနောက်ကျသွားပါပြီ။ သူပိုင်ဆိုင်တာတွေ ရောင်းချပေးလိုက်ပေမယ့် သူဆိုင်ဆက်ဖွင့်ဖို့ အရင်းနှီး မရှိတော့ပါဘူး။ အဆုံးအရှုံးကြီးမားစွာနဲ့ ဇာတ်သိမ်းလိုက်ရပါတယ်။ ဒါဟာ တကယ်ဆန်းစစ်ကြည့်ရင် “အရှိန်” ကို မရပ်နိုင်တာပါဘဲ။ အခုလို ကျနော် ကျရှုံးခဲ့သော သူများအကြောင်းကို ပြန်ပြောပြနေတာ ၀မ်းသာအားရပြောပြနေတာ မဟုတ်ဘူးနော်။ သူများမှားခဲ့တာတွေ၊ နစ်နာခဲ့တာတွေကို ကြည့်လို့ သင်ခန်းစာယူနိုင်အောင် ပြောပြပေးတာပါ။ နောက်ဇာတ်လမ်းတပုဒ်ကို ဆက်ပြောပါအုံးမယ်။ သူတို့ကတော့ ဆွေစဉ်မျိုးဆက်ချမ်းသာတယ်၊ ဆယ်သက်စားမကုန်ဘူးလို့တောင် ကြွေးကြော်နိုင်ခဲ့သော ဘ၀ကို ပိုင်ဆိုင်နိုင်တဲ့သူတွေပါ။ မိဘနှစ်ပါးစလုံးရဲ့ မိဘတွေက မိုးကုတ်အဆက် ကျောက်ကုန်သည်အကြီးစားတွေပါ။ သည်တော့ သူတို့ကလည်း သူတို့သားသမီးတွေကို အလိုလိုက်ထားသလို သူတို့ကိုယ်တိုင်ကလည်း ကောင်းကောင်းစား ကောင်းကောင်းသုံးလို့ နေခဲ့ကြပါတယ်။ မိဘက သားသမီး လိုချင်တာဆိုရင် မျက်နှာအညှိုးမခံဘဲ အလိုလိုက်လို့ ၀ယ်ပေးပါတယ်။ အိမ်မှာသုံးတဲ့ကား၊ ဆိုင်ကယ်၊ တီဗွီ၊ ရေခဲသေတ္တာ စတဲ့ အသုံးအဆောင်တွေမှန်သမျှ မော်ဒယ်အသစ်တမျိုးပေါ်ပြီဆိုတာနဲ့ အဟောင်းကို ရသမျှနဲ့ ရောင်းရင်ရောင်း၊ ရောင်းမရရင် ချောင်ထိုးပြီး အသစ်ဝယ်။ တီဗွီအောက်စက်ဆိုတာကလည်း သားသမီးလေးယောက်က သူတို့နေတဲ့ အခန်းတိုင်းမှာ တစုံစီ၊ သူတို့လင်မယားကတစုံ၊ အိမ်ဧည့်ခန်းမှာက တစုံ ဒီလိုထားတာ။ အ၀တ်အစားဆိုတာကတော့ ထည့်မပြောနဲ့ မိန်းကလေး၊ ယောက်ျားလေး အသုံးအဆောင်မှန်သမျှကလည်း သူ့အရောင်နဲ့သူ ၀မ်းဆက်ကာလာစုံ။ လန်းသထက်လန်းအောင် အလှဆင်ပါတယ်။ အပေါင်းအသင်းတွေဆိုတာက အိမ်မှာ ၀င်ထွက်စားသောက်နေတာကလည်း အလှူအိမ်နဲ့မခြား။ ဒီတော့ အိမ်ဖော်တွေ တလှေကြီးနဲ့ ချက်လိုက်ပြုတ်လိုက်ကြရတာ တနေကုန်။ ဒါပေမယ့်သားသမီးတွေက အိမ်ကချက်တာကို ကောင်းကောင်းမစားဘဲ အပြင်မှာ သူငယ်ချင်းတွေနဲ့ ဆိုင်တကာစား၊ အိမ်ချက်ထားတွေက အလကားဖြစ်ပြန်တော့ သူများတွေကို ဝေပေး။ တကယ့်ကို ယိုပေါက်တွေ၊ ကုန်ပေါက်တွေပါ။ စားရုံသောက်ရင်တောင်မကဘူး။ ဖေဖေက ကောင်းတာကိုမှ အဖော်အပေါင်းကို ဒကာခံလို့ သောက်ပါတယ်။ ဘောလုံးပွဲ ကောင်းကောင်း၊ မကောင်းကောင်း သူများက ကောင်းတယ်ဆိုရင် မောင်းထုပါတယ်။ ထုတာကလည်း အပျင်းပြေဆိုတာတောင် ပုံးလိုက်ထုတာပါ။ မေမေကတော့ နံနက်ဈေးသွားဝယ်ရင် တွေ့သမျှလူကို “ဒီနေ့ဘာကောင်းလဲ” ဆိုတဲ့မေးခွန်းကို တွေ့သမျှလူကို မေးပါတယ်။ အမေးခံလိုက်ရတဲ့သူက ပြန်ဖြေတဲ့ ကောင်းတယ်ဆိုတာလေးကို လိုက်တာ တပတ်မှာ နှစ်ရက်ပဲ နားပါတယ်။ ဒီလိုနေရင်း ခေတ်ပြောင်းသွားတာကို သူတို့မသိလိုက်ပါဘူး။ ကျောက်ခေတ်ကုန်သွားတာပါ။ တရားဝင်လုပ်ကိုင်ခွင့်တွေ ပေးလိုက်တော့ အရင်မှောင်ခိုလုပ်တာလို မတရားမြတ်တယ်ဆိုတာ မရှိတော့ပါဘူး။ ၀င်ငွေအရင်လိုမကောင်းပေမယ့် သူတို့က သုံးတဲ့အရှိန်ကို လျှော့ရမယ်ဆိုတာ မသိပါဘူး။ သားသမီးတွေကလည်း အလုပ်တယောက်မှမလုပ်၊ မိဘက အရင်လို ၀င်ငွေမကောင်းတာကိုလည်း နားမလည်။ ဟန်းဖုန်းကိုတောင် သူငယ်ချင်းတွေနဲ့ ချိန်းတာလွဲမှာစိုးလို့ တယောက်နှစ်လုံးနှုန်း၊ ဟန်းဆက်အသစ်ပေါ်တယ်ဆိုရင် အသစ်လဲ။ ဖြုန်းကောင်းတိုင်းဖြုန်းနေတော့ ရှိတာတွေကို တတိတိနဲ့ ထုတ်ရောင်းတော့ တဖြည်းဖြည်းနဲ့ လျော့ပါးလာပါတယ်။ ကံဆိုးချင်တော့ တကမ္ဘာလုံးက ကံကောင်းပါတယ်လို့ လက်ခံထားတဲ့ ဂဏန်းလေးနောက်ကို လိုက်လိုက်တာ အိမ်ကို သူများထိုးပေးရတဲ့ဘ၀ကို ရောက်သွားတော့တာပါပဲ။ ဒါကလည်း အရှိန်ကိုမထိန်းနိုင်တဲ့ ရလဒ်ပါပဲ။ လောကမှာ ဘယ်ကိစ္စမဆို လုပ်ရင်းကိုင်ရင်းက အရှိန်ကတော့ တဖြည်းဖြည်းမြင့်လာမှာပါ။ လိုအပ်တဲ့အချိန်ကို ရပ်နိုင်ဖို့၊ ရပ်သင့်တဲ့အချိန်ကို သိဖို့ လိုအပ်ပါတယ်။ ကျနော်ကိုယ်တိုင်တောင် အားလုံးက မကောင်းဘူးလို့ လက်ခံထားသော၊ တကယ်လည်း မကောင်းသော စီးကရက်ကို စသောက်စဉ်က တနေ့တလိပ်ကနေ ဆယ်စုနှစ် နှစ်ခုအကျော်လောက်မှာ တနေ့ အလိပ်နှစ်ဆယ်ကျော်မှ အာသာပြေတဲ့ထိ အရှိန်မြင့်လာတာကို ကိုယ်ဘာသာကိုယ်မသိဘဲ အမှတ်တမဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျန်းမာရေး ထိခိုက်စ ပြုလာတဲ့ အချိန်မှာမှ ဒီအရှိန်ကို သတ်နိုင်အောင် မနည်းကြိုးစားခဲ့ရပါတယ်။ ဘာကိုပဲလုပ်လုပ် အရှိန်ဆိုတာ မြင့်သထက်မြင့်လာမှာကတော့ အမှန်ပါပဲ။ ဒါကြောင့် စီးပွားရေးလုပ်တာပဲဖြစ်စေ၊ အပျော်အပါး လိုက်စားတာပဲဖြစ်စေ၊ ကိုယ်နှစ်သက်တာကို လုပ်နေတာပဲဖြစ်စေ၊ ယာဉ်မောင်းနေတာပဲဖြစ်စေ၊ ထားပါတော့ ကောင်းမှုကုသိုလ်ကို လုပ်နေတာပဲဖြစ်စေ ကျနော်အပါအ၀င် အားလုံးဟာ ကိုယ့်ရဲ့အရှိန် ဘယ်လောက်များမြင့်နေပြီလဲ၊ လိုအပ်ရင် ငါရပ်နိုင်ပါ့မလား ဆိုတာလေးကို အမြဲသတိထားလို့ နေနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ကဲ သည်နေ့ကပဲ စလိုက်ရင် မကောင်းဘူးလားဗျာ။ ကိုပေါက်-မန္တလေး

A d v e r t i s e m e n t With Us

More News
Up