ကမ္ဘောဒီးယားတွင် မြေမြှုပ်မိုင်းရှင်းရန် ကြွက်များကို သင်တန်းပေး (ရုပ်သံ)

1.9K
ကမ္ဘောဒီးယားနိုင်ငံမှာ ပြည်တွင်းစစ် ပြီးဆုံးပြီးတဲ့နောက်ပိုင်း ဆယ်စုနှစ်တွေ ချီနေပေမယ့် မြေမြှုပ်မိုင်းတွေဟာ လူသေစေတဲ့ ပြဿ နာအဖြစ် ကျန်ရစ်နေဆဲပါ။
ခုတော့ စစ်တပ်သုံး အမွေးဖွားကြွက်တွေက ကူညီကယ်ဆယ်ဖို့ လာနေပါပြီ။
အာဖရိကနိုင်ငံ ဂမ်ဘီယာကနေ တင်သွင်းလာတဲ့ ကြွက်တသုတ်ကို နိုင်ငံတလွှား မိုင်းရှင်းလင်းဖို့ သင်တန်းတွေ ပေးနေပါပြီ။
မိုင်းရှင်းလင်းရေးနဲ့ ကြွက်သင်တန်းဆရာ စိုမာလဲန်နဲ့ လုပ်ဖော်ကိုင်ဘက်တွေက တီအင်တီ ဖောက်ခွဲရေး ပစ္စည်းတွေကို အနံ့ခံဖို့ လယ်ကွင်းထဲမှာ ကြွက်တွေကို သင်တန်းပေးနေပါတယ်။
“ကျနော် ဒီကိုလာတုန်းက ကျနော့် အကြီးအကဲက ကြွက်ကို ဘယ်လိုသင်တန်းပေးလဲ ဆိုတာ စောင့်ကြည့်ခဲ့တယ်။ ခုတော့ ကျနော်က သူတို့ကို လေထဲမှာ အနံ့ခံဖို့နဲ့ မိုင်းတွေနားမှာ ပတ်ပြေးနေဖို့ သင်တန်းပေးနိုင်ပြီ။”
မိုင်းရှာဖွေရေး ကြီးကြပ်ရေးမှူး သီးရတ် သိုအွန်က ဒီကြွက်တွေဟာ မိုင်းဖြုတ်သိမ်းမှု စစ်ဆင်ရေးကို ပိုမြန်စေပြီး မိုင်းကွဲမှုဘေးကို အမြန်လျှော့ချပေးတယ်လို့ ပြောပါတယ်။
“ကြွက်တွေက လူတွေထက် အများကြီး ပိုမြန်တယ်။ ငါးဆကနေ ခြောက်ဆထိ ပိုမြန်တယ်။”
အားသာချက် နောက်တခုကတော့ ကြွက်တွေဟာ မိုင်းတွေကို ပေါက်ကွဲစေလောက်အောင် ကိုယ်အလေးချိန် မလေးပါဘူး။
၁၉၇၉ နောက်ပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ပြည်သူ ၂ သောင်းနီးပါး မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးခဲ့ပြီး လူ ၄ သောင်းလောက် ဒဏ်ရာရခဲ့ပါတယ်။
ခုတော့ ကြွက်တွေရဲ့ အကူအညီနဲ့ ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုနှုန်းကို လျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်။