ပြည်သူ့ဂုဏ်ရည်ဆုရှင်ပြောတဲ့ အကျဉ်းကျသံဃာတော်တွေ အကြောင်း
နော်နိုရင်း
·
May 25, 2011
မေ ၁၅ ရက်မှာ အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများက ပေးအပ်ချီးမြှင့်တဲ့ ဒုတိယအကြိမ်မြောက် ၂ဝ၁၁ ခု အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို အကျဉ်းကျ သံဃာတော်တွေကို ထောင်ဝင်စားတွေ့ပေးသူ လူမှုအကျိုးဆောင် ဒေါ်ရှုရရှိပါတယ်။
အခက်အခဲ အကျပ်အတည်းတွေကြားထဲက အကျဉ်းကျသံဃာတော်တွေအတွက် ကူညီထောက်ပံ့ခဲ့ပုံတွေအကြောင်း ဒေါ်ရှုကို မေးမြန်းထားပါတယ်။
ဒေါ်ရှုအနေနဲ့ အကျဉ်းကျနေတဲ့ သံဃာတော်တွေကို ဘယ်အချိန်ကစပြီးတော့ ကူညီထောက်ပံ့ပေးနေတာလဲ။
“၂ဝဝရ ဆယ်လပိုင်းကစပြီး ရှေ့နေ ကိုဖိုးဖြူနဲ့ ညီညီလှိုင်နဲ့က အကူအညီတောင်းပြီးတော့ အန်တီ့ကို ဘုန်းကြီးတွေ ရုံးထုတ်မှာ ထမင်းမကျွေးတာ၊ ထမင်းမစားရဘူးဆိုပြီးတော့ အန်တီ့ကိုပြောလို့ ထမင်းစကျွေးရင်းနဲ့ အဲဒီကနေစပြီး လုပ်ဖြစ်သွားတာ။“
ဘယ်လိုအကြောင်းတရားတွေ နှိုးဆော်ပေးလို့ ဒီလိုအလုပ်ကို လုပ်ဖြစ်ရတာလဲ။
“ရှေ့နေတွေက အန်တီ အဲဒီသံဃာတွေကတော့ ထမင်းမစားရဘူး။ ထမင်းလေးကျွေးပေးပါဆိုတော့ ကျွေးရင်းနဲ့ သံဃာတွေကနေပြီးတော့ ဆရာလေးတွေကော အကုန်လုံးပေါ့။ ဝတ်စရာ စားစရာ အဝတ်အစားကလည်း ပုဆိုးဖင်ပေါက်တွေနဲ့ ဖြစ်နေတော့ အန်တီက ပုဆိုးတွေဝယ်ပေး၊ ထဘီတွေဝယ်ပေးရင်းက အဲလိုမျိုး။ နောက်တခါကျတော့ ခြေထောက်တွေ ကျင်တယ်။ ထွန်းရွှေဝါလိမ်းဆေးတို့၊ ဂဠုန်ရာဇာလိမ်းဆေးတို့ ဝယ်ပေးပါဆိုတော့ အန်တီက ဝယ်ပေးတယ်။ နောက်တခါ ယားနာပေါက်တယ်။ ယားနာပျောက်ဆေးဝယ်ပေးပါဆိုတော့ အကုန်ဝယ်ပေးတာ။ တဦးက ဒါလိုချင်တယ်ဆိုရင် အကုန်လုံးကဒါပဲ။ အသက်ကြီးတဲ့လူတွေဆိုတော့ ကလေးတွေလို ပြန်ဖြစ်နေကြတာ။ နောက်ကျတော့ သူတို့ကို ထမင်းကျွေးရုံတင်မကဘူး၊ ထောင်ထဲမှာ အစားအသောက်လိုတယ်။ အဲဒါအခြောက် အခြမ်းလေးတွေ ကြာကြာခံမယ့်ဟာတွေ လုပ်ပေးပါဆိုတော့ အန်တီကနေ အစားအသောက်ကို ငါးခြောက်ကြော်၊ ငါးပိကြော်တို့ ငန်ပြာရည်ကြော်တို့ အဲဒီလို ထည့်ပြီးလုပ်ပေးနေတာကနေ အချိုမှုန့်လိုတယ်၊ လက်ဖက်ခြောက်လိုတယ်၊ သွားတိုက်ဆေးလိုတယ်၊ ဆပ်ပြာအမွှေးတုံး၊ သွားပွတ်တံလိုတယ်နဲ့ အဲလိုကနေ အစားအသောက်ကနေ တဖြည်းဖြည်း ပို့ပေးရင်းနဲ့ တပါးကနေ ဟိုတပါး။ ဒီတပါးမရှိဘူး၊ ပို့ပေးပါဦးနဲ့ အဲလိုမျိုးလက်ဆင့်ကမ်းရင်းကနေ များသွားပြီးတော့ ရေရှည်ဖြစ်သွားတာ။”
သံဃာတော်တွေကို အခုလို ကူညီနေတဲ့အတွက် တလကို ဘယ်လောက်လောက် ကုန်ကျနေလဲ။
“အန်တီက အခုအန်တီ့အိမ်မှာ ဖုန်းထောင်ထားတာရှိတယ်။ အန်တီ့သမီးတယောက်က ကုမ္ပဏီမှာ လုပ်တာရှိတယ်။ စင်ကာပူက အန်တီ့သားတယောက်ကလည်း လစဉ်ထောက်ပံ့တယ်။ အဲဒါလေးငါးသိန်းလောက်တော့ ကုန်တာပေါ့။ အဲဒါလေးတွေ စုပြီးတော့ အိမ်ငှားထားတာလည်း ရှိသေးတယ်။ အဲဒီပိုက်ဆံလေးတွေနဲ့ပေါ့။”
သံဃာတော်တွေ၊ အကျဉ်းသားတွေကို လက်ရှိ ဘယ်နှပါးလောက် ကူညီနေလဲ။
“နယ်ထောင်အသီးသီးမှာကော ဒီမှာကော ၄ဝ လောက်ရှိမယ်။ မိသားစုတွေနဲ့ ဝေးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျောင်းသားလေးတွေလည်း ပါတယ်။ ကွန်ပျူတာကျောင်းသားလေးတွေ အဲဒါလေးတွေ၊ သူတို့တွေက အန်အယ်လ်ဒီက လူငယ်တွေလည်းပါတာပေါ့။ အားလုံးပေါင်းရင် ဂဝ-၉ဝ လောက်တော့ ရှိမယ်။”
ဒီလိုမျိုးအကူအညီပေးတဲ့အတွက် အန်တီ့ဆွေမျိုးတွေမဟုတ်ဘဲ တခြားကလာပြီးတော့ ကူညီပံ့ပိုးနေတာတွေ ရှိလား။
“တချို့တွေတော့ အသိတွေရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ ဘုန်းကြီးတွေရဲ့ အမေတွေ၊ အဒေါ်တွေ၊ အားနေတဲ့လူတွေပေါ့။ အန်တီခေါ်တဲ့အချိန်ကို လာကူညီပေးတဲ့လူတွေပေါ့။ သူတို့တွေကို အကူအညီတောင်းရတာ။”
ပရဟိတ အလုပ်ကို လုပ်နေရတဲ့အချိန်မှာ ဘယ်လိုမျိုး အခက်အခဲ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ရတာရှိလဲ။
“အာဏာပိုင်အဖွဲ့အစည်းကတော့ အန်တီကို သိပ်အနှောင့်အယှက်ပေးတာ မရှိဘူး။ ဘာလို့လဲဆိုတော့ အန်တီက တော်တော်များများကို မီဒီယာထဲကိုမထည့်ဘူး။ အဲဒါကြောင့် တော်±ုံနဲ့ အငြိုးမထားဘူး။”
အခက်အခဲအပိုင်းအနေနဲ့ကော။
“အခက်အခဲပိုင်းက တခါတလေကျတော့လည်း သွားရေးလာရေး မလွယ်ကူဘူး။ တခါတလေ ည ၁၂ နာရီ၊ ၁ နာရီရောက်တယ်။ တခါတလေကျတော့ အဲဒီကားဂိတ်မှာပဲ ငုတ်တုတ်ထိုင်နေရတယ်။ မိုးလင်းခဲ့ရတယ်။ ဒုက္ခတော့ ရောက်တာပေါ့။ တခုမဟုတ်တခုတော့ ရောက်တာပေါ့။ ဒီလိုပဲ ကြံ့ကြံ့ခံပြီးတော့ လုပ်ရတာပဲ။”
အန်တီအနေနဲ့ အခက်အခဲကြားကနေပြီးတော့ ပရဟိတ အလုပ်ကို လုပ်နိုင်ဖို့အတွက် ဘယ်လိုစိတ်ဓာတ်က အန်တီ့ကို ခွန်အားပေးတာလဲ။
“ခုနလိုမျိုးပေါ့။ ငါမပေးလို့ရှိရင် သူတို့တွေ အစားအသောက် ဒုက္ခရောက်မယ်၊ ဆင်းရဲမယ်။ အဲဒီအခါကျရင် ရောဂါဘယတွေ ဝင်ကုန်မယ်။ ရောဂါဘယဝင်ကုန်ရင် သေကုန်မယ်ပေါ့။ လူသားချင်း ကိုယ်ချင်းစာတာပေါ့။ လူသားချင်း ကိုယ်ချင်းစာပြီးတော့ အဲလိုမျိုးပို့တာပါ။”
လေးနှစ်တာကာလပတ်လုံး အန်တီအနေနဲ့ ဒီလုပ်ငန်းထဲမှာ အမှတ်တရအနေနဲ့ အတွေ့အကြုံတခုလောက်ကို ပြောပြလို့ရမလား။ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့အတွေ့အကြုံလေးပေါ့။
“သထုံဘက်က ဘုန်းကြီးတပါးရှိတယ်။ အစားအသောက်တွေတော့ သွင်းလို့ရတယ်။ လူချင်းတော့ ပထမအခေါက်တွေက တွေ့လို့ရတယ်။ နောက်အခေါက်တွေကျတော့ သူက စိတ်ကနောက်နေတော့ အန်တီ့ကို အတွေ့မခံဘူး။ အန်တီတော်တော်စိတ်မကောင်းဖြစ်ရတယ်။ မျက်ရည်တောင်ကျမိတယ်။”
ဘယ်လိုအကြောင်းကြောင့် အတွေ့မခံတာလဲ။
“သူတို့ကျတော့ စိတ်ကနောက်နေတာကို၊ စိတ်ကနောက်နေတော့ အတွေ့မခံတာ။ နောက်အခေါက်တွေက အတွေ့ခံတယ်။ အဲလိုမျိုး စိတ်ကနောက်နေတော့ သူ့ဆီကို ကောင်းသောလာချင်းနဲ့ လာတာလည်း မသိဘူး။ သူများတွေပြောတော့ အခန်းဖော်အချင်းချင်းတောင် သူကနှင်ထုတ်တာတို့ ဘာတို့လုပ်တယ်လို့ ပြောတယ်။ အဲဒါ သူက ကျန်းမာရေးချို့တဲ့ပြီးတော့ ဒီလိုဖြစ်သွားတာ။ ကျန်တာတော့ မဟုတ်ဘူး။”
ဒီတော့ မနေ့ကဘဲ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာ အန်တီဆုရခဲ့တယ်။ ဒီပြည်သူ့ဂုဏ်ရည်ဆုရတဲ့ အပေါ်မှာကော သဘောထားဘယ်လိုရှိလဲ။
“အန်တီဒီအလုပ်ကို စလုပ်ခဲ့တဲ့အချိန်ကတည်းက ဒီဆုကိုလည်း မမျှော်မှန်းခဲ့ဘူး။ မျှော်လည်း မမျှော်လင့်ဘူး။ ရမယ်လည်း မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အန်တီနဲ့ အလုပ်လုပ်တဲ့လူတွေ အများကြီးရှိတယ်။ အန်တီ့ကို အန်တီလည်း အဲလိုမျိုးယူဆတယ်။ အခုလိုမျိုး ရတော့လည်း အန်တီက အန်တီ့ကိုပေးတာမဟုတ်ပါဘူးလို့၊ အကျဉ်းကျ သံဃာတွေအတွက် ဆွေမျိုးတွေနဲ့ ဝေးနေတဲ့ အကျဉ်းသားတွေကို ပေးတယ်လို့ပဲ ယူဆတယ်။”