သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူတချို့ အာမခံဖြင့် ယနေ့လွတ်မြောက်မည်
DVB
·
July 14, 2015
အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ သာယာဝတီခရိုင်တရားရုံးမှာ ၉ ကြိမ်မြောက် ထပ်မံရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်နေ့က ရုံးထုတ်ရက်ဖြစ်ပေမယ့် ၇ ဇူလိုင်နေ့နဲ့ တိုက်နေတာကြောင့် သာယာဝတီတရားရုံးမှာ ကျောင်းသားတွေကို ရုံးထုတ်စစ်ဆေးမှု မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် တရားသူကြီးနဲ့ ရှေ့နေတွေကပဲ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၁၁ ဦးကို ၇ ဇူလိုင်နေ့မှာ အာမခံပေးခဲ့ပါတယ်။
အာမခံရတဲ့ ကျောင်းသားတွေနဲ့ဝန်းရံပြည်သူ ၁၁ ဦးဟာ ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့ ရုံးချိန်းမှာ အာမခံနဲ့ လွတ်မြောက်မယ်လို့ ကျောင်းသားတွေရဲ့ ရှေ့နေဦးလှမျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။