အသက် ၄၀ ကျာ်မှ ထူးခြားအောင်မြင်လာသည့် ကမ္ဘာကျော်များ

1.9K
ဘ၀မှာ အသက် ၂၀ အရွယ်ကနေ ၃၀ ရောက်လာတဲ့အချိန်မှာ အောင်မြင်မှုတခုခုတော့ ရရမယ်လို့ တွေးထားဖူးသူတွေချည်းပါပဲ။ အဲဒီအချိန်ရောက်လို့မှ ဘာမှဖြစ်မလာခဲ့ဘူး ဆိုရင်တော့ စိုးရိမ်ပူပန်မှုတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခြားတဘက်က အောင်မြင်မှု ရခဲ့ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ အသက် ၄၀ ကျော်မှ ထူးထူးခြားခြား အောင်မြင်မှု ရခဲ့ကြတဲ့သူ အယောက် ၂၀ ကို Business Insider အင်တာနက်စာမျက်နှာက တဆင့် ဖော်ပြလိုက်ပါတယ်။
စတန်လေ
၃၉ နှစ်ပြည့်မွေးနေ့ရောက်မှ Fantastic Four ရုပ်ပြကို စတင်ဖန်တီးခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ Marvel Universe အတွက် အမေရိကန်နိုင်ငံ ပြယုဂ်တွေဖြစ်တဲ့ ပင့်ကူလူသား၊ အိပ်စ်မန်း စတဲ့ဇာတ်ကောင်တွေရဲ့ ဖန်တီးရှင် ဖြစ်လာခဲ့ပါတယ်။
ဂယ်ရီဟေးဗင်
၁၉၉၂ ခုနှစ်မှာ Curves အမည်ရတဲ့ ကိုယ်ယာယ အားကစားခန်းမကို စတင်တည်ထောင်ချိန်မှာ အသက် ၄၀ ရှိနေခဲ့ပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာတော့ လုပ်ငန်းခွဲပေါင်း များစွာနဲ့ အောင်မြင်ခဲ့ပါတယ်။
ဗီယာဝမ်
စကိတ်စီးမယ်နဲ့ သတင်းသမား ဘ၀ကနေ ဖက်ရှင်လောကကို အသက် ၄၀ မှ စတင် ၀င်ရောက်ခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ အရေးပါတဲ့ ဖက်ရှင်ဒီဇိုင်နာတယောက် ဖြစ်နေပါပြီ။
ဆမ်မြူရယ်ဂျက်ဆင်
ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် ၁၉၉၁ ခုနှစ် Jungle Fever ရုပ်ရှင်အတွက် ထူးချွန်ဆု ချီးမြှင့်ခံရချိန်မှာ ၄၃ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
ဟင်နရီဖို့ဒ်
မိုဒယ်လ် တီ အမျိုးအစား ကမ္ဘာကျော်ဖို့ဒ်ကားကို တီထွင်ဖန်တီးချိန်မှာ ၄၅ နှစ်ရှိနေပါပြီ။
ဂျက်ခ်ဝီလ်
နာမည်ကျော် ကောင်းဘွိုင် အမှတ်တံဆိပ် Rockmount Ranch Wear ကို ၄၅ နှစ်အရွယ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ် ကွယ်လွန်ချိန် ၁၀၇ နှစ်အရွယ်ထိ အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
ရော့ဒ်နေဒိန်းဂျားဖီးလ်ဒ်
ခုချိန်ထိ ဟာသလူရွှင်တော်အဖြစ် နာမည်ကျော်ကြားနေဆဲ ဖြစ်ပေမယ့် သူဟာ အသက် ၄၆ နှစ်မှာမှ The Ed Sullivan Show ပြဇာတ်နဲ့ အောင်မြင်လာခဲ့ပါတယ်။
မိုမိုဖုကူအန်ဒို
၁၉၅၈ ခုနှစ်၊ သူ့အသက် ၄၈ နှစ်မှာ အသင့်စား ဂျပန်ခေါက်ဆွဲကို တီထွင်ခဲ့တဲ့အတွက် ခုချိန်ထိ သမိုင်းတွင်ကျန်နေသူ ဖြစ်ပါတယ်။
ချားလ်စ်ဒါဝင်
ဘ၀တလျှောက်လုံး သဘာ၀၀ါဒီ တယောက်အဖြစ် နေထိုင်ခဲ့ပြီး သိပ္ပံပညာရပ်နယ်ပယ်ရဲ့ တဆစ်ချိုး “မျိုးနွယ်စုရဲ့အစ” ကို တွေ့ရှိခဲ့ချိန်မှာ အသက် ၅၀ ရှိနေပါပြီ။
ဂျူလီယာချိုင်းလ်ဒ်
ကြော်ငြာနဲ့ မီဒီယာလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပြီး အသက် ၅၀ အရွယ်မှာ ပထမဆုံး ချက်ပြုတ်နည်းစာအုပ် ထုတ်ဝေခဲ့ပြီးမှ အောင်မြင်တဲ့ စားဖိုမှူးတယောက် ဖြစ်လာခဲ့ပါတယ်။
ဂျက်ကာဗာ
နာဆာနဲ့ အိုင်ဘီအမ်တို့လို အဖွဲ့အစည်းတွေမှာသိပ္ပံပညာရှင်အဖြစ် အလုပ်လုပ်ခဲ့ပြီး Taser Gun ကို စဦးတီထွင် အောင်မြင်ခဲ့ချိန်မှာ အသက် ၅၀ ရှိနေပါပြီ။
တင်ဇဂက်နှင့် နီနာဇဂက်
ဇနီးမောင်နှံ ၂ ဦးလုံး ဥပဒေပညာရှင်တွေဖြစ်ပြီး သူတို့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ ဇဂက် အမည်နဲ့ စားသောက်ဆိုင်အညွှန်းကို ထုတ်ခဲ့ချိန်မှာ ၅၁ နှစ်စီ ရှိနေပါပြီ။
ရေးကရော့ခ်
မစ်လ်ခ်ရှိတ်ပြုလုပ်တဲ့ ကိရိယာ အရောင်းဝန်ထမ်းဘ၀က စတင်ခဲ့ပြီး ခုချိန်မှာ ကမ္ဘာတလွှား နာမည်ကျော် Fast Food ဆိုင်အဖြစ် အောင်မြင်နေတဲ့ မက်ခ်ဒေါ်နယ်လ်ကို ၀ယ်ယူခဲ့ချိန်မှာ ၅၂ နှစ် ရှိနေပြီဖြစ်ပါတယ်။
တာကီရှီယိုမိုရီ
အသက် ၅၁ နှစ်မှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတဦး ဖြစ်လာခဲ့ပြီး မိုရီအိမ်ခြံမြေကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ထက်မြက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ၁၉၉၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ အသားတင် အမြတ်ငွေရပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားတဦး ဖြစ်လာခဲ့ပါတယ်။
ဝေါ်လီဘလွန်း
နို့ထွက်ပစ္စည်းလုပ်ငန်းမှာ နှစ်ပေါင်းများစွာလုပ်ခဲ့ပြီး Denali Flavors ရေခဲမုန့်လုပ်ငန်းကို စတင်ခဲ့ချိန် ၁၉၉၅ ခုနှစ်မှာ ၅၇ နှစ် ရှိနေခဲ့ပါပြီ။ ၂၀၀၉ ခုနှစ် ကုမ္ပဏီထုတ်ပြန်ချက်အရ ၀င်ငွေ အမေရိကန်ဒေါ်လာ ၈၀ မီလီယံ ရှိတယ်လို့ ဆိုပါတယ်။
လော်ရာအင်ဂေါ်ဝယ်လ်ဒါ
အသက်အရွယ်ရလာချိန်မှာမှ သမီးဖြစ်သူ ရို့စ် အကူအညီနဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ပုံပြင်တွေ ရေးခဲ့ပြီး ၁၉၃၂ ခုနှစ် အသက် ၆၅ နှစ်မှာမှ ပထမဆုံးစာအုပ် Little House ကို ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ နောက်ပိုင်းမှာ သူတို့ဟာ Little House on the Prairie တီဗွီအစီအစဉ်နဲ့ ကလေးစာပေဆိုင်ရာတွေမှာ အောင်မြင်လာခဲ့ပါတယ်။
ဟာလဲန်းဆန်ဒါ
ဗိုလ်မှူးကြီးဆန်ဒါအဖြစ် လူသိများတဲ့ သူကတော့ ကင်တက်ကီ ကြက်ကြော်ဆိုင်ကို ၁၉၅၂ ခုနှစ်၊ ၆၂ နှစ်အရွယ်မှာ စတင်ခဲ့ပြီး ၁၂ နှစ်ကြာပြီးနောက်မှာ အမေရိကန်ဒေါ်လာ ၂ မီလီယံနဲ့ ပြန်လည်ရောင်းချနိုင်ခဲ့တာပါ။
အန်နာမေရီရော်ဘတ်ဆန်မိုးစက်
ဖွားဖွားမိုးစက်လို့ လူသိများတဲ့သူကတော့ ကိုယ်တိုင်ရေး ပန်းချီကားတွေ ရေးဆွဲခြင်းကို အသက် ၇၈ နှစ်မှ စတင်ရေးဆွဲခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာတော့ သူ့ပန်းချီကားတွေထဲက ပန်းချီ ကားတချပ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ မီလီယံနဲ့ ရောင်းချခဲ့ရပါတယ်။
ဟယ်ရီဘန်စတိန်း
ဘ၀တလျှောက်လုံး မထင်မရှားစာတွေ ရေးသားနေခဲ့ရာက ၂၀၀၇ ခုနှစ်၊ ၉၆ နှစ်အရွယ်မှာမှ “မမြင်နိုင်တဲ့နံရံ-အတားအဆီးများကို ချိုးဖျက်နိုင်တဲ့ ချစ်ပုံပြင်” စာအုပ်နဲ့ အောင်မြင်ထင်ရှားလာတာ ဖြစ်ပါတယ်။