ဆာဟာရသဲကန္တရာတွင် တည်ဆောက်မည့် အထပ်မြင့်အိမ်ရာစခန်း








5.4K
ဆာဟာရသဲကန္တာရထက် ဆိုးဝါးပြင်းထန်တဲ့ ပတ်ဝန်းကျင်ဆိုတာ စဉ်းစားဖို့တောင် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြင်သစ်ဗိသုကာကုမ္ပဏီဖြစ်တဲ့ OXO (အိုဇို) ကတော့ ဒီကန္တာရကို အနာဂတ် အထပ်မြင့်အိမ်ရာစခန်း ဆောက်မယ့်နေရာအဖြစ် ရည်မှန်းထားပါတယ်။ ဒီလို အမြော်အမြင်ကြီးတဲ့ စီမံကိန်းနောက်ကွယ်မှာ ရှိနေသူကတော့ မန်နယ်ရာ့ခ်ျဒီ ဖြစ်ပါတယ်။
“ဒီကန္တာရထဲမှာ အဆောက်အဦးတခုအနေနဲ့ မဟုတ်ဘဲ ဒေါင်လိုက် မြို့တော်ကြီးတခု တည်ဆောက်နိုင်မယ့် အယူအဆတခု စဉ်းစားထားပါတယ်။ ဒီနေရာက လူနေဖို့ မသင့်တော်လောက်အောင် ကြမ်းတမ်းဆိုးဝါးတဲ့ ပတ်ဝန်းကျင်တခုပါ။ ဒါကြောင့် ကာကွယ်နိုင်တဲ့ ကိုယ်ထည်တွေပါတဲ့ အထပ်မြင့် အိမ်ရာကြီးတခု ဖန်တီးတည်ဆောက်ရမှာပါ။”
Sand City Tower (သဲမြို့တော်တာဝါ) လို့ခေါ်တဲ့ အထပ်မြင့်အိမ်ရာ စခန်းမှာ ရုံးခန်းတွေ၊ နေအိမ်တွေ၊ ပြတိုက်တွေ၊ စာကြည့်တိုက်တွေ၊ အားကစားခန်းမတွေ၊ ရေကူးကန်တွေနဲ့ ကန္တာရကြီးကို စီးမိုးကြည့်ရှုနိုင်မယ့် နက္ခတ်တာရာကြည့် မျှော်စင်တွေ ပါဝင်မှာပါ။ အရိပ်အာဝါသနဲ့ လေ၀င်လေထွက်စနစ်က အပူချိန်ကို လျှော့ချပစ်နိုင်မှာပါ။ ဒီဇိုင်နာတွေက အတွင်းပိုင်းတာဝါမှာ ဒေါင်လိုက်ဥယျာဉ်တခု စိုက်ပျိုးဖို့လည်း စီစဉ်ထားပါတယ်။
“အကျိုးဆက်အနေနဲ့ ဒီတာဝါမှာ နေချင်စဖွယ် စိမ်းလန်းတဲ့ ဂေဟစနစ်တခု ဖန်တီးလို့ရနိုင်မှာ ဖြစ်ပါတယ်။ ဒါက ဆာဟာရသဲကန္တာရထဲမှာ လုံးဝမရှိနိုင်တဲ့ အရာပါ။”
ဗိသုကာတွေကတော့ ဒီတာဝါကြီးရဲ့ အားကောင်းတဲ့ ဂေဟစနစ်တွေကို ချီးကျူးကြပါတယ်။ နေစွမ်းအင်ကတော့ သော့ချက်ဖြစ်ပြီး မိုးရေကိုတော့ ရေသွယ်စနစ်နဲ့ စုဆောင်းမှာဖြစ်သလို ကမ္ဘာ့အတွင်းပိုင်းကနေ အပူထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီလို ကန္တာရအိမ်ရာစခန်းဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် အိုဇိုကုမ္ပဏီကတော့ ၁၀ နှစ်အတွင်း လုပ်ငန်းစမှာဖြစ်ပြီး အဆင့်ဆင့် တည်ဆောက်မှုတွေကို နှစ် ၅၀ အတွင်း အပြီးသတ်မှာ ဖြစ်ပါတယ်။