Home
မြန်မာသတင်း
ကေအိုင်အေ တပ်မဟာ ၁ နယ်မြေတွင် တိုက်ပွဲပြင်းထန်
နော်နိုရင်း
·
July 13, 2015
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်က ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နယ်မြေမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ အမည်မဖော်လိုတဲ့ ကေအိုင်အေ ဗိုလ်မှူးကြီးတဦးက ပြောပါတယ်။ “ကျနော်တို့ ဒီ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နယ်မြေဘက်မှာ တိုက်ပွဲဖြစ်တယ်။ ဒီဆွမ်ပရာဘွမ်ရဲ့ အရှေ့ဘက်မှာကျတဲ့ မလိယန်ဆိုတဲ့ နေရာမှာ တိုက်ပွဲဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ဒီတပ်ရင်း ၇ နားမှာ။” ဒီတိုက်ပွဲကြောင့် ကေအိုင်အေဘက်က ရှေ့တန်းကင်းစခန်းတချို့ ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့တုန်းကလည်း အဲဒီ မလိယန်ဒေသကို အစိုးရတပ်ဘက်က ဂျက်တိုက် လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ရှိခဲ့တယ်လို့လည်း အဲဒီဗိုလ်မှူးကြီးက ပြောပါတယ်။ ဒီတိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်သေဆုံးမှု မသိရသေးပါဘူး။ တိုက်ပွဲဖြစ်ရာတလျှောက်ရှိ ကျေးရွာတွေက ရွာသူရွာသားတွေလည်း မလိမ အရှေ့ဘက်က ဂျာရာရွာမှာ သွားရောက်ခိုလှုံနေကြတယ်လို့လည်း ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၂ နဲ့ ၉ ဒေသမှာလည်း ပြီးခဲ့တဲ့ ၁၁ ရက်နေ့တုန်းက အစိုးရတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ပါသေးတယ်။ စစ်တပ်ပိုင်မြ၀တီသတင်းဌာနမှာတော့ ဇူလ ၁၀ ရက်က  ကေအိုင်အေ အင်အား ၂၅ ယောက်လောက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး  ကချင်ဘက်က ၂ ဦးသေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024