ကိုယ့်ဘဝတူတွေ ထောင်ထဲမှာ ကျန်ခဲ့တာကို စိတ်ထိခိုက်တယ်
အေးနိုင်
·
May 25, 2011
အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီး အကျဉ်သား တသောင်းခွဲကျော် ပြန်လွတ်ပေးတဲ့ထဲမှာ လွတ်ကာနီး နိုင်ငံရေးအကျဉ်းသား ၂ဝ လောက် မေ ၁၇ ၂ဝ၁၁ မှာ ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အသက် ၇၉ နှစ်အရွယ် ဦးကျော်ဆန်းနဲ့ မေးမြန်းထားပါတယ်။
ဘဘ ပြန်ရောက်ပြီလား။
“ဟုတ်ကဲ့ ခုနက ၃ နာရီက ပြန်ရောက်ပါတယ်။”
ဒီနေ့ ပြန်လွတ်လာတာပေါ့နော်။
“နေကောင်းပါတယ်။ သူက နောက်ထပ်ချတာ ၇ နှစ်ဆိုတော့လေ ၆ နှစ်နဲ့ ၂ လပြည့်ပြီ။ ဒီနေ့ ၆ နှစ်နဲ့ ၂ လ ပြည့်တဲ့နေ့။”
ကျနော်တို့က နောက်နှစ် ဧပြီကျမှ ပြန်လွတ်မယ်ကြားလို့။
“သူက လျှော့ရက်မရှိဖြစ်နေတာ သူများတွေဆိုရင် ၇ နှစ်ချလို့ရှိရင် ၅ နှစ်နဲ့ ၅ လ၊ ၅ နှစ်နဲ့ ၄ လောက်ဆိုရင် လွတ်တယ်လေ။”
အခု ဘဘနဲ့ စကားပြောပါရစေလား။
ဘဘအထဲမှာ ရောက်နေတုန်းက အစာငတ်ခံ ဆန္ဒပြတာတွေ ဘာတွေ ကျနော် ဒီဗွီဘီက သတင်း တောက်လျှောက် လွှင့်ခဲ့ပါတယ်ခင်ဗျာ။ ဒီနေ့ကတော့ ကွင်းလုံးကျွတ် လွတ်လာတယ်ပေါ့နော် ဘဘ။ အခု ၇ နှစ်ကျတာ လျှော့ရက် ၁ နှစ်ရတာလား ဘယ်နှနှစ် ရလဲ။
“ကျနော်တို့ လျှော့ရက်ကတော့ နိုင်ငံတော် သမ္မတကြီး ကြေညာချက်အရ ၁ နှစ်ပေါ့လေ။ နောက်တခုကတော့ သာမန်အနေနဲ့ တွက်ရင်တော့ ကျနော်က အချုပ်ခံရတာလည်း ၂ လနဲ့ ရက် ၂ဝ၊ ထောင်ကျတာက ၇ နှစ်ပေါ့။ ၇ နှစ်ဆိုတော့ အခုက ၆ နှစ်နဲ့ ၂ လရှိပါပြီ။ ဒီနေ့ ၆ နှစ်နဲ့ ၂ လပြည့်တဲ့နေ လွှတ်ပေးတယ်လို့ပဲ ပြောရမှာပေါ့လေ။ ချုပ်ရက်ရော ဘာရောအပါအဝင်ပေါ့။”
ဒါဆိုလို့ရှိရင် ချုပ်ရက် မရဘူပေါ့နော်။
“ချုပ်ရက် ရပါတယ်။ ချုပ်ရက်အပါအဝင်ပေါ့ အားလုံး ၆ နှစ်နဲ့ ၂ လ။ ချုပ်ရက်ကတော့ ၂ လနဲ့ ရက် ၂ဝ ရှိပါတယ်။ ကျန်တာကတော့ ကျတာ ၇ နှစ်ဆိုတော့ အဲဒီ ၇ နှစ်က ချုပ်ရက်ပါ ထည့်ပေးပုံ ရပါတယ်။ အရင် ကျနော်တို့ ဒီမတိုင်ခင်က ၉ နှစ်နဲ့ ၃ လပေါ့ဗျာ။ အခု ၆ နှစ်နဲ့ ၂လ။ စုစုပေါင်း ပေါင်းတဲ့အခါကျတော့ ၁၅ နှစ်နဲ့ ၅ လ ပြည့်တဲ့နေ့ပါ။ တဆက်တည်းတော့ မဟုတ်ဘူးပေါ့လေ အကြိမ်ကြိမ်ပေါ့။ ၃ နှစ်က တကြိမ်၊ ၆ နှစ်က တကြိမ်၊ ၃ နှစ်နဲ့ ၆ နှစ်ကျော် ပေါင်းတဲ့အခါက ၉ နှစ်နဲ့ ၃ လ။ အဲဒီ ၉ နှစ်နဲ့ ၃ လလွတ်ပြီး အပြင်ဘက်မှာ ၄ လ။ နောက်မပြည့်ခင်မှာ ထောင်ထဲ ဆွဲသွင်းတာက ၇ နှစ် ကျပါတယ်။ ဒီနေ့ ၆ နှစ်နဲ့ ၂ လပြည့်တဲ့နေ့မှာ လွတ်ပေးတယ်။ ၇၉ နှစ်ရှိပါပြီ။ ဆယ်အိမ်ခေါင်းတောင် မလုပ်ရဘဲ ထောင်ထဲ ခနခန ဝင်နေရတဲ့လူထဲမှာ တယောက်အပါအဝင်ပေါ့။ လေးကြိမ်ရှိပြီ။”
တပ်မတော်အစိုးရလက်ထက်က ထောင်အကြိမ်ကြိမ်ကျခဲ့တယ်။ အခုလက်ရှိ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာပေါ့နော်။
“ဒီလိုပဲ ပြောရမှာပါ။ ပြောရရင်တော့ သာမန်အားဖြင့် အပြင်ဘက်က ပုဒ်မနဲ့ တရားစွဲတော့ ထောင် ၇ နှစ်ကျတာပေါ့။ အဲလိုကျတော့ သာမာန် ရာဇဝတ်မှုဆိုရင် အလွယ်တကူလွတ်တယ်။ ပုံမှန်အားဖြင့်ဆိုရင် ၅ နှစ် ၅ လ၊ ၆ လဆိုတာ အာဏာကုန်ပဲ။ ကျနော်ကျတော့ ၆ နှစ်နဲ့ ၂ လတောင် မလွှတ်ခဲ့ဘူး။ အခုမှ လွှတ်တာပါ။ သာမန်လူထက်စာရင် တနှစ်နီးပါး ပိုနေရတဲ့သဘောပါ။”
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးက အရေးကြီးတယ်လို့ ပြောကြတယ်။ ဒီဟာက တကယ့်တကယ် မျှော်မှန်းထားသလို မလွတ်လာဘူး။ ကုလသမဂ္ဂကအစ တောင်းခဲ့တယ်။ အခုကျနော်တို့ ရတဲ့စာရင်းအရဆို ၂ဝ လောက်ပဲ ရှိသေးတယ်။ အဲတော့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးက မြန်မာပြည်နိုင်ငံရေးမှာ ဘယ်လောက်အရေးပါသလဲလို့ ခံစားရလဲ။
“သိပ်အရေးကြီးပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ရင် ဒါကို အရင်ဆုံးလုပ်ပေးရမယ်လို့ ခံယူပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုရင် သူတို့ အာဃာတမရှိကြောင်း။ သူတို့ သဘောထားပြည့်ဝကြောင်း၊ နှစ်ဦးနှစ်ဖက်မျှတတဲ့ မျှခြေကို ဆုံကြပေါ့။ အခုဟာက ဆိတ်ပါးစပ် နှမ်းပက်သလိုပါပဲ။ ဘာမှအရာမရောက်ဘူး။ ကျနော့်အနေနဲ့ ဘာမှ အဓိပ္ပာယ်ရှိတယ်လို့ မခံယူဘူး။ ကျနော်လွတ်လို့ ဝမ်းမသာဘူး။ အထဲမှာ ကိုယ့်လိုဘဝတူတွေ ကျန်ခဲ့တာ စိတ်ထဲမှာ ထိခိုက်ပါတယ်။ ကျနော့်မိသားစုနဲ့ နွေးနွေးထွေးထွေး နေရတာမမြင်ဘူး။ ဘုရားကျောင်းကန် သွားရတာမမြင်ဘူး။ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုစုစည်းစည်း လုပ်ရတာ နှစ်လိုဖွယ် ရှိသော်လည်း ပြန်ပြောရရင် ဘဝတူချင်း လွတ်ဖို့သင့်တဲ့လူတွေ ကျန်းမာရေးအရကော ထောင်သက်အရရော၊ နောက် လူနဲ့ ထောင်သက်နဲ့ မမျှတအောင် ချထားတာတွေကော ဘာမှမဖြစ်လောက်ပဲ ကျန်နေခဲ့တာကော စိတ်ထဲမကောင်းပါဘူး။ အဲဒါတချက်တော့ ခံစားမှု အပြည့်ရှိပါတယ်။”
ဒီနေ့ပြန်လွတ်လာတဲ့လူတွေထဲမှာ လူငယ်ကျောင်းသားတွေ ပါသလို အသက်အရွယ် ကြီးရင့်သူတွေဆိုရင် ဘဘအကြီးဆုံးလို့တောင် ထင်ပါတယ်။
“ဖြစ်နိုင်ပါတယ်။ ၇၉ က လာမယ့် လအနည်းငယ်မှာ တင်းတင်းပြည့်မှာပါ။”
အဲတော့ နိုင်ငံရေးကို ယုံကြည်ချက်နဲ့ ထောင်ထဲကျနေသူတွေက အခုလို ပြန်လည်လွတ်မြောက်လာချိန်မှာ အရင်တပ်မတော် အစိုးရအပေါ်မှာ အာဃာတတွေ ရှိမလား။ ဒါမှမဟုတ် ရှေ့ဆက် ဘဘတို့ ဘာတွေများဖြစ်စေချင်သလဲ။
“သူတို့ သမ္မတကြီး ပြောထားတဲ့ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသော အစိုးရဖြစ်ရင်တော့ ဒါတွေက လက်တွေ့လုပ်ဆောင်သင့်တယ်။ ပြောရရင် သူတို့အတွက်ကော ပြည်သူတွေအတွက်ကော နိုင်ငံရေးအင်အားစုတွေ အကုန်လုံး ဝမ်းမြောက်မယ့် အနေအထားပါ။ အခု အဲဒီပုံစံမျိုးမတွေ့ရတော့ စိတ်ထဲမှာ အင်မတန် ထိခိုက်ရပါတယ်။ လုပ်ဖော်ကိုင်ဖက် ဘဝတူတွေ ချန်ထားခဲ့ရလို့လည်း စိတ်ထဲမှာ မကောင်းဖြစ်ရတယ်။ ထောင်ကထွက်တဲ့နေ့ အပျော်ဆုံးနေ့ဆိုပေမယ့် ကျနော့်အတွက်မှန်သင့်သလောက်ပဲ မှန်ပါတယ်။ အကုန်မမှန်ဘူး။ ကိုယ့်ဘဝတူတွေ ထောင်ထဲမှာ ကျန်ခဲ့တာကို စိတ်ထိခိုက်တယ်။”
“ကျနော့်ရည်ရွယ်ချက်ကတော့ အမျိုးသားနိုင်ငံရေးပေါ့။ တရားဥပဒေဘောင် အတွင်းမှာ လက်နက်ကိုင်လမ်းစဉ်ကိုလည်း မသွားဘူး။ မဆက်သွယ်ဘူး။ အားလည်းမပေးဘူး။ တရားဥပဒေဘောင်ထဲကနေ ဒီမိုကရေစီ ရအောင် အမျိုးသားနိုင်ငံရေး အင်အားစုကြီးနဲ့ အချုပ်အခြာ အာဏာကို တကယ့် စုစုစည်းစည်းနဲ့ တဖက်ပြန်ရအောင် အပြင်ဘက်နိုင်ငံရေးအင်အားစုတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ကျနော်ကျရာ အခန်းကဏ္ဍကနေ တာဝန်ယူ ဆောင်ရွက်မှာပါ။ ကျနော့်အသက်ရှင်နေသမျှ။ ကျန်းမာရေးကောင်းနေသမျှ တဖက်ကလည်း အာဏာပိုင် အဖွဲ့အစည်းကလည်း မှန်မှန်ကန်ကန် သဘောထားပြည့်ဝအောင်လည်း ကျနော်တို့ ကြိုးစားပါတယ်။ မေတ္တာနဲ့ ဓမ္မနဲ့ အစစအရာရာ ချဉ်းကပ်ပါမယ်။ အပြုသဘောဆောင်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ချဉ်းကပ်ပြီး လုပ်ဖော်ကိုင်ဖက်၊ ခေါင်းဆောင်တွေ အင်အားစုတွေနဲ့ အတူတကွ ဆောင်ရွက်သွားမယ်လို့ စီစဉ်ထားပါတယ်။”
“မျက်စိခွဲထားရတယ်။ ဘယ်ဘက်က နှစ်ခါခွဲထားရတယ်။ ညာဘက်က တခါခွဲရတယ်။ ညာဘက်က နားက ဖုန်းတောင်နားထောင်လို့ မရတော့ဘူး။ သွားကလည်း အပေါ်သွားကလည်း မကောင်းဘူး၊ အောက်သွားကလည်း ကျန်တဲ့ နှစ်ချောင်းနဲ့ ထောင်ထဲမှာ ၅ နှစ် ၆ နှစ်လောက် ဒုက္ခခံပြီးတော့ စားရပါတယ်။ မကြာသေးခင် ၁ လ၊ ၂ လလောက်က ထောင်ပိုင်ကိုတက်တွေ့ပြီး အခြေအနေမှန်ကို သေသေချာချာ ပြောပြီးတော့ ကျနော်အပြင်မှာ မစိုက်ရရင်တော့ ထောင်ထဲမှာ ရောဂါအခြေအနေအရ မစိုက်လိုဘူး။ ကြာတော့ မေးခိုင်ရောဂါတို့၊ ဘီပိုးတို့၊ စီပိုးတို့ စသည်ဖြင့်အထဲမှာ ပစ္စည်းတွေက သိပ်မသန့်တဲ့အတွက်ကြောင့် မလုပ်ချင်တာ။ အပြင်မှာစိုက်ခွင့်ပြုလို့ ၂ သိန်းလောက် ကိုယ့်ငွေနဲ့ကိုယ် အကုန်ခံပြီးစိုက်ထားခဲ့တာပါ။ ထောင်ထဲမှာ ကျန်းမာရေးက အဆိုးဆုံးဖြစ်ခဲ့ပေမယ့် အခုတော့ အပြင်မှာ နည်းနည်းတော့ ပုံမှန်ရောက်နေပါတယ်။”
“ကိုယ်ထိလက်ရောက်တော့ ညှဉ်းပန်းတာမရှိဘူး။ ပါးစပ်ကနေတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတာတွေတော့ ခံရပါတယ်။ အဲဒီလိုပြောခံရလို့ ထောင်ပိုင်တွေ ဘာတွေ တာဝန်ရှိတဲ့လူတွေကို ပြောလို့လည်း မထိရောက်ဘူး။”