A d v e r t i s e m e n t With Us

ဝီဂါလူမျိုး ၁၀၉ ဦးကို ထိုင်းနိုင်ငံမှ ပြန်ခေါ်ခဲ့သည့်သတင်း စီစီတီဗွီ ထုတ်လွှင့် (ရုပ်သံ)

တရုတ်နိုင်ငံပိုင် စီစီတီဗွီရုပ်သံက ရှင်းကျန်းဒေသခံ ၀ီဂါလူမျိုး ၁၀၉ ဦးကို ထိုင်းနိုင်ငံက ပြန်ခေါ်ဆောင်ခဲ့တဲ့ သတင်းကို ဇူလိုင် ၁၁ ရက်နေ့က ပြသခဲ့ပါတယ်။ ထိုင်းနိုင်ငံက ပြန်ပို့လိုက်သူ အများစုဟာ ရှင်းကျင်းဒေသခံတွေဖြစ်ကြပြီး ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ အိုင်အက်စ်စစ်သွေးကြွတွေနဲ့ သွားရောက်ပူးပေါင်းဖို့လို့ စီစီတီဗွီက ဆိုပါတယ်။ ဒီပြန်ပို့ခံရသူ ၁၀၉ ယောက်ထဲက ၁၃ ယောက်ဟာ အကြမ်းဖက် သံသယရှိသူတွေလို့ သတင်းက ဆိုပါတယ်။ သူတို့ကို ခေါင်းစွပ်တွေအုပ်ပြီး လုံခြုံရေး အတင်းအကျပ်နဲ့ ပြန်ခေါ်ဆောင်လာခဲ့တာပါ။ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ရှင်းကျန်းဒေသခံတွေ ရာနဲ့ချီပြီး အာဆီယံနိုင်ငံတွေကနေတဆင့် တူရကီနိုင်ငံကို ထွက်ခွာကြပါတယ်။ ထိုင်းနိုင်ငံက ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးထဲက တူရကီနိုင်ငံသား အထောက်အထားရှိသူ ၁၇၀ ကို တူရကီနိုင်ငံကို ပြန်ပို့ပြီး ၁၀၀ ကျော်ကို တရုတ်ပြည် ပြန်ပို့ခဲ့တယ်လို့ ထိုင်းအစိုးရက ဆိုပြီး ကျန်အယောက် ၅၀ လောက်ကိုတော့ ဆက်လက် စိစစ်နေဆဲလို့ ပြောဆိုပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်းက ရှင်းကျန်းဒေသခံတွေဟာ တူရကီဒေသခံတွေနဲ့ အမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုချင်း ဆက်စပ်တာကြောင့် သူတို့အပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်ဆက်ဆံမှုတွေကို တူရကီနိုင်ငံက စိုးရိမ်မကင်း ဖြစ်တယ်လို့ ပြီးခဲ့တဲ့တပတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရှင်းကျန်းဒေသခံတွေကို တရုတ်နိုင်ငံကို ပြန်ပို့ရင် အစိုးရက အရေးယူနှိပ်ကွပ်မှုတွေ ရှိတယ်လို့ အမေရိကန်နဲ့ လူအခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆိုပြီး ပြန်ပို့တဲ့ ထိုင်းနိုင်ငံကိုလည်း ပြစ်တင် ရှုတ်ချမှုတွေ ရှိပါတယ်။ တရုတ်အစိုးရကတော့ ရှင်းကျန်းဒေသခံ ၀ီဂါလူမျိုးတွေအပေါ်မှာ ဘာသာရေး၊ လူမျိုးရေးနဲ့ ယဉ်ကျေးမှု ဖိနှိပ်မှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူတွေ ရာနဲ့ချီ သေဆုံးမှုတွေကို ထောက်ပြပါတယ်။ တရုတ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် သန်း ၂၀ လောက်ရှိပြီး အဲဒီထဲက ၀ီဂါလူမျိုးစုတွေက အနည်းစု ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up