A d v e r t i s e m e n t With Us

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့သည့် ပါလက်စတိုင်း ဘာသာရေးခေါင်းဆောင်ကို အစ္စရေး ပြန်လွှတ်

ဓာတ်ပုံ ​- ရိုက်တာ
အစ္စရေးအကျဉ်းထောင်ထဲမှာ ၅၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ ပါလက်စတိုင်း အကျဉ်းသားတဦးကို အစ္စရေးအစိုးရက ဇူလိုင် ၁၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဘာသာရေးခေါင်းဆောင် ခါဒါရ် အက်ဒနန် (Khader Adnan) ဟာ အစ္စရေးအစိုးရရဲ့ ချုပ်မိန့်နဲ့ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ၁ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာပါ။ ၅၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့တာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာဖြစ်ခဲ့ပြီး အစ္စရေးအစိုးရက ပြန်လွှတ်ပေးဖို့ သဘောတူခဲ့တဲ့အတွက် ဇွန် ၂၈ ရက်နေ့က အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်လိုက်တာပါ။ ဂါဇာအခြေစိုက် အစ္စလာမ္မစ် ဘာသာရေး အဖွဲ့အစည်းတွေကလည်း ခါဒါရ် အက်ဒနန် သေဆုံးရင် အစ္စရေးနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။ ၂၀၁၄ ခုနှစ် ဇွန်လက အစ္စရေး ဆယ်ကျော်သက် ၃ ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပါလက်စတိုင်းတွေကို ဖမ်းဆီးခဲ့ချိန်မှာ ခါဒါရ်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ခါဒါရ်ဟာ အနောက်ဘက်ကမ်းကနေ ဂါဇာမှာ လာရောက်အခြေချ နေထိုင်သူဖြစ်ပြီး အရင်ကလည်း အစ္စရေးအစိုးရက မကြာခဏ ဖမ်းဆီးခံရသူလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖမ်းဆီးခံခဲ့ရတုန်းကလည်း အခုလိုပဲ အစာငတ်ခံ ဆန္ဒပြခဲ့လို့ ပြန်လွတ်မြောက်ခဲ့ပါတယ်။ အစ္စရေးအစိုးရဟာ ချုပ်မိန့်နဲ့ တရားခံလို့ ယူဆသူတွေကို ၆ လ သက်တမ်း တိုးတိုးပြီး ရက်အကန့်အသတ်မရှိ ဖမ်းဆီးထိန်းသိမ်းနိုင်တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြစ်တင်ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up