ဒူးရင်း သကြားလုံးစားသည့် ဖိလစ်ပိုင် ကျောင်းသား ၂၀၀ ကျော် ဆေးရုံတင်ရ

1.5K
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ကျောင်းတကျောင်းမှာ ကျောင်းသား ၂၀၀ ကျော်ဟာ ကျောင်းဝင်းထဲမှာ ရောင်းတဲ့ ဒူးရင်း သကြားလုံးစားပြီးနောက် အနီးအနားက ဆေးရုံကို ပို့ခဲ့ရတယ်လို့ နယ်ခံ သတင်းတွေမှာ ဇူလိုင် ၁၁ ရက်နေ့က ဖော်ပြပါတယ်။
စူရီ ဂါအို ပြည်နယ်ထဲက ကာဂါဝစ်မြို့က ကျေင်းသားတွေဟာ ဇူလိုင် ၁၀ ရက်နေ့က သကြားလုံးစားပြီးနောက် ဗိုက်နာ အော့အန်ခဲ့ကြတာကြောင့် ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။
မြို့ကျန်းမာရေးအရာရှိ ရှာဝင်း မန်တေးလာက ကျောင်းသားလေးတွေ အစာအဆိပ်သင့်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ရက်လွန် မှိုတက်စာတွေကို စားမိတဲ့အတွက် အဆိပ်သင့်ပြီး ဗိုက်နာ ခေါင်းမူး အော့အန်တာ ဖြစ်တယ်လို့ ကျန်းမာရေး အရာရှိက ပြောပါတယ်။
သံသယရှိတဲ့ ဈေးသည် ၅ ယောက်ကို ရဲက ဖမ်းထားပြီး စစ်ဆေးနေပါတယ်။ သကြားလုံးကို ထုတ်တဲ့ Wendy's Candies ၀မ်ဒီ သကြားလုံး လုပ်ငန်းကတော့ သူတို့ ထုတ်တဲ့ သကြားလုံးဟာ ဘေးကင်းတယ်လို့ ပြောပါတယ်။
သူတို့ သကြားလုံးတွေဟာ အချိန်လွန်တာ၊ စိုစွတ်တာ၊ ပြန်လည် ထုပ်ပိုးတာမျိုးမရှိဘဲ ဈေးသည်တွေရောင်းတဲ့ သကြားလုံးတွေက စိုစွတ်ပြီး ပြန်လည် ထုပ်ပိုးထားတဲ့ သကြားလုံးတွေ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
စုံစမ်းရေးမှူးတွေရဲ့ အဆိုအရ ဈေးသည်တွေက ရက်လွန်သကြားလုံးတွေကို ဈေးပေါပေါနဲ့ ရောင်းချတယ်ဆိုတဲ့ သတင်းတွေကို ရရှိတယ်လို့ ဆိုပါတယ်။