Home
အထွေထွေ
ကရင်တပ်ဖွဲ့များ ကွဲနေသည့်ပုံစံမျိုး အစိုးရပြောဆိုထုတ်ပြန်နေဟု ဒီကေဘီအေ ပြော
DVB
·
July 12, 2015
အစိုးရအနေနဲ့ ကရင်တပ်ဖွဲ့တွေ အစိတ်စိတ်အမြွှာမြွှာ ကွဲနေတဲ့သဘောမျိုး ပြောဆိုထုတ်ပြန်နေတာလို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။ ကရင်ပြည်နယ်၊ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းဟောင်းနဲ့ လမ်းသစ်တို့မှာ အစိုးရတပ်နဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့တို့ ၁၀ ရက်အတွင်း တိုက်ပွဲအကြိမ် ၄၀ လောက်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်သေဆုံးမှု ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို တုံ့ပြန်ပြောဆိုခဲ့တာပါ။ “ဒါကတော့ သူတို့က တဖက်သတ် ကရင်တွေကို အစိတ်စိတ်အမြွှာမြွှာ ခွဲလို့ ရပါတယ်ဆိုတဲ့ ခွဲပြီး ပြောတာပါ။ သူခွဲသလို ကျနော်တို့ မကွဲပါဘူး။ KKO ဆိုတာ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့ကို သတ်မှတ်ထားတာပါ။ ဆိုလိုချင်တာက KKO လို့ သုံးတာ သူ့သဘောနဲ့သူ သုံးတာပါ။” အစိုးရသတင်းမှာတော့ ဇူလိုင် ၂ ရက်ကနေ ၁၁ ရက်ထိ လမ်းဟောင်းမှာ ၁၉ ကြိမ်၊ လမ်းသစ်မှာ အကြိမ် ၂၀ စစ်တပ်နဲ့ KKO အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်၊ KKO ကျော်သက်နှင့်စောဆန်းအောင်အဖွဲ့ထံမှ အရှင်ဖမ်းမိ ၃ ဦး၊ အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။ ဇူလိုင် ၉ ရက်မှာတော့ လမ်းနှစ်လမ်းစလုံး ပြန်ဖွင့်နိုင်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကျော်သက်နှင့် စောဆန်းအောင် အကြွင်းအကျန်အဖွဲ့အား ဆက်လက်တိုက်ခိုက် ရှင်းလင်းလျက်ရှိတယ်လို့လည်း အစိုးရသတင်းက ဆိုပါတယ်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ဘက်ကတော့ ဇူလိုင် ၁၂ ရက်ထိ အစိုးရစစ်တပ်က သူတို့တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတုန်းပဲလို့ ပြောပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေတဲ့အတွက် အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024