Home
မြန်မာသတင်း
အာရှလမ်းမကြီး တွင် ဆက်ကြေးကောက်ခံမှု မရှိတော့ဟု ခရီးသည်များပြော (ရုပ်သံ)
DVB
·
July 12, 2015
တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ ကရင်ပြည်နယ် မြဝတီကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီး ၂ ရက်မြောက်နေ့အထိ လမ်းပေါ်မှာ ကားတွေ ပြည့်နှက်နေသလို ဆက်ကြေးကောက်ခံမှုလည်း မရှိတော့ဘူးလို့ ကားသမားတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။ ကရင်ပြည်နယ်မှာ ဒီကေဘီအေ (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) နဲ့ အစိုးတပ်တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် တပတ်ကျော်ကြာပိတ်ထားခဲ့ရတဲ့ မြ၀တီ-ကောကရိတ် အာရှလမ်းမကို ဇူလိုင် ၁၀ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးလိုက်တာပါ။ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ သွားလာခွင့်ရပြီး လမ်းပိတ်ထားတာကနေ ပြန်ဖွင့်လိုက်လို့ ကုန်ကားကြီးတွေနဲ့ ခရီးသည်တင်ကားတွေအပါအဝင် လမ်းသစ်မှာ ကားတွေနဲ့ ပြည့်နှက်နေပါတယ်။ အရင်က ဆက်ကြေးကောက်ခံတဲ့ဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်အလွန်များတဲ့ ဒီလမ်းမှာ အခု လုံးဝမရှိတော့ဘူးလို့ ကားသမားတဦးက ပြောပါတယ်။ “လမ်းဟောင်းကသွားတော့ ခရီးလည်း ကြန့်ကြာတယ်၊ အချိန်လည်း ကြာတယ်၊ လမ်းလည်းဆိုးတယ်။ လမ်းသစ်ကတော့ စိတ်ချမ်းသာတယ်၊ တကျပ်မှလည်း မပေးရတော့ဘူး။  ဒီမှာ ဖြောင့်ဖြောင့်တန်းတန်း သွားနေရတော့ ကျေနပ်ပါတယ်။ ကျနော်က အမြဲတမ်း ကားမောင်းစားနေတဲ့ သူဆိုတော့။” ကားသမား ကိုအောင်ကျော်စိုးကလည်း “အခုဆို ဘယ်လိုဖြစ်လဲတော့ မသိဘူး။ အကုန်အကျ မပေးရဘူး။ ပေးရတယ်ဆိုတာက တိုးဂိတ်တို့၊ မြို့ဝင်ကြေးတို့လောက်ပဲ။ လမ်းပေါ်မှာတော့ ဘာမှမပေးရတော့ဘူး” လို့ ပြောပါတယ်။ အခုလို ဆက်ကြေး မကောက်တော့တဲ့အပေါ် ခရီးသည်တဦးဖြစ်တဲ့ ဒေါ်သန်းငွေက “ဖြစ်နိုင်ရင် တချိန်လုံးပဲ ဖြစ်ပါစေဆိုပြီး ဆုတောင်းနေပါတယ်။ လမ်းကလည်း အေးဆေး၊ ကောင်းတယ်ဆိုတော့” လို့ ပြောပါတယ်။ စီးပွားရေးသမားတွေကတော့ မြ၀တီ-ကော့ကရိတ်-မော်လမြိုင်ကို နေ့ချင်းပြန် သွားလာနေကြသလို ထိုင်းဘက်က တင်သွင်းလားတဲ့ ငါး၊ ပုစွန်၊ သစ်သီးတွေလည်း ရန်ကုန်အထိ အချိန်မီပို့ဆောင်နိုင်တဲ့အတွက် အဆင်ပြေနေကြပါတယ်။ ဒါပေမယ့် လမ်းဟောင်းဘက်မှာတော့ သေနတ်ပစ်ခတ်သံတွေ ကြားနေရသေးတာကြောင့် ခရီးသည်တွေက စိုးရိမ်မှုနေကြပါတယ်။ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကော့ကရိတ်မြို့အထွက် တောင်သုံးလုံးနေရာမှာ ဒီကေဘီအေ နဲ့ အစိုးရတပ်တွေအကြား ထိတွေ့ တိုက်ပွဲတွေ ရှိနေပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေတဲ့အတွက် အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024