ထိုင်း ဖေ့စ်ဘွတ်ခ် သုံးစွဲသူများအကြား ဂယက်ရိုက်ခဲ့သည့် ကော်ဖီဆိုင်ထိုင်ခ

1.7K
ထိုင်းနိုင်ငံ ဘန်ကောက် ရချဒဖီဆတ်လမ်းပေါ်က ကော်ဖီဆိုင်မှာ ၂ နာရီ ကြာ ထိုင်ပြီး စီးပွားရေးအကြောင်း ဆွေးနွေးတဲ့ စားသုံးသူ ၄ ဦးထံကနေ ထိုင်ခ ဘတ် ၂၀၀၀ ကျော် ဆိုင်က တောင်းခံခဲ့ပါတယ်။
ဇူလိုင် ၈ ရက်က စားသုံးသူ ၄ ဦးက သောက်စရာ ၆ခုကို မှာယူခဲ့ပြီး ငွေရှင်းရာမှာ ဘတ် ၂၂၆၀ ကျခဲ့ပါတယ်။ မှာထားတဲ့ သောက်စရာအတွက် ကျသင့်ငွေက ၂၆၀ပဲ ကျတာလို့ ဘန်ကောက်ပိုစ် သတင်းက ရေးပါတယ်။
စားသုံးသူ အတီပိုဂျ သိရီ ဆုခွန်က ငွေရှင်း ဘောက်ချာကို လူမှုရေး ကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ရာမှာတော့ ထိုင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ အကြား ဂယက်ရိုက်ခတ်ခဲ့ပါတယ်။
ဘွန်ကဖေးက ၀န်ထမ်းတွေက ကော်ဖီဆိုင်မှာ စီးပွားရေးနဲ့ အလုပ်လုပ်အကြောင်းတွေ လုပ်ဆောင်တာကို အားမပေးသလို စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်း မဆွေးနွေးဖို့ စားပွဲတိုင်းမှာ သေးငယ်တဲ့ စာရွက်နဲ့ ကပ်ထားတယ်လို့ ပြောပါတယ်။
ဒီလို မလိုက်နာဘူးဆိုရင်တော့ တနာရီ ဘတ် ၁၀၀၀ ကောက်ခံမယ်လို့ ရေးထားပေမယ့် အရမ်းသေးတဲ့အတွက် မမြင်မိဘူးလို့ စားသုံးသူ ၄ ဦးက ပြောပါတယ်။
ဒီ ၄ ဦးက ထိုင်ခုံကြေး ၂၀၀၀ မပေးဖို့ ငြင်းဆိုပါတယ်။ ဆိုင်ဝန်ထမ်းတွေက ဘာမှ မပြောဘဲ ဘောက်ချာ အသစ်ကို ပြန်ရေးပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒီကဖေးက နားလည်မှုလွဲသွားတယ်လို့ ထုတ်ပြန်ချက်ထုတ်ခဲ့သလို စားသုံးသူတွေကို ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတာဖြစ်ပြီး ဘယ်ဖောက်သည်မှ ထိုင်ခ ပေးတာ မရှိဘူးလို့ ဆိုပါတယ်။
ရုံးတွေ များပြီး အလုပ်ရှုပ်တဲ့နေရာ ဖြစ်တဲ့အတွက် စားသုံးသူတွေရဲ့ လိုအပ်ချက်ကို ကိုက်ညီအောင် လျင်လျင်မြန်မြန် ၀န်ဆောင်မှု ပေးတယ်လို့ ရေးပါတယ်။
ထိုင်းနိုင်ငံသား အများစုကတော့ သတ်မှတ်ကြေးထက်ပိုကောက်တဲ့ ကော်ဖီဆိုင်ကို ဝေဖန်ခဲ့ပြီး တချို့ကတော့ နာရီများစွာ စားပွဲတလုံးတည်းကို တကိုယ်ကောင်းဆန်ဆန် မယူထားသင့်ဘူးလို ဆိုပါတယ်။
ဒီနောက်မှာတော့ စားသုံးသူ အတီပိုဂျ သိရီ ဆုခွန်က ဖေ့ဘွတ်ခ်ပေါ်တင်ထားတဲ့ ဘောက်ချာကို ပြန်လည် ဖြုတ်ချပေးခဲ့ပါတယ်။