A d v e r t i s e m e n t With Us

မူလတန်းအခမဲ့ပညာရေးစနစ် ကြွေးကြော်နေရုံနှင့်မပြီးဟု ဝေဖန်

ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးက ပြောဆိုခဲ့တဲ့ မူလတန်းအခမဲ့ ပညာသင်ကြားရေး အစီအစဉ်ကို ပြည်တွင်းထုတ်ဂျာနယ်တွေမှာ အကျယ်တဝင့် ဖော်ပြနေပါတယ်။ ကျောင်းအပ်လက်ခံရာမှာ အပိုငွေမတောင်းခံဖို့ သတိပေးထားတဲ့အကြောင်း၊ အပိုကြေးတောင်းတာတွေ၊ အဓမ္မ အလှူငွေကောက်ခံတာတွေလုပ်ရင် အရေးယူမယ့် အကြောင်း သက်ဆိုင်ရာဝန်ကြီးရဲ့ ပြောကြားချက်ကို ဒီတပတ်ထုတ် ဂျာနယ်တိုင်းလိုလိုမှာ ဖော်ပြခဲ့ကြပါတယ်။ အောက်ခြေမှာတော့ ဝန်ကြီးရဲ့ပြောဆိုချက်နဲ့ ဆန့်ကျင်ပြီး၊ အပိုကြေးတောင်းနေတဲ့ အဖြစ်အပျက်တွေကိုလည်း ဂျာနယ်တွေမှာ အကျယ်တဝင့် ဖော်ပြနေကြပါတယ်။ ဒီလိုဖော်ပြတဲ့အထဲမှာ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ဦးနေမျိုးဝေက သူ့ကလေး (၂) ဦး ကျောင်းအပ်ရာမှာ အပိုကြေးပေးခဲ့ရပုံ ဂျာနယ်တွေကို ပြောဆိုချက်ကိုလည်း ဖော်ပြနေကြပါတယ်။ တပ်မတော်အစိုးရလက်ထက်တုန်းက ဖော်ပြခွင့်မရတဲ့ အခွင့်အလမ်းမျိုး ဂျာနယ်တွေမှာ ဖော်ပြခွင့် ရလာတာဟာ အကျိုးများတယ်ဆိုပေမယ့် ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဆောင်ရွက်ပေးနိုင်သလောက်ကိုပဲ ပြောဆိုသင့်တယ်လို့ ကျောင်းသုံးစာအုပ် အခမဲ့ပေးမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ဦးနေမျိုးဝေက ဝေဖန်ပါတယ်။ “အခမဲ့မပေးနိုင်ရင်လည်း ပြဿနာမရှိဘူး။ အမှန်အတိုင်းလုပ်စေချင်တယ်။ အခရှိရင်ရှိတယ်။ မရှိရင်မရှိဘူး၊ ဒီလိုပဲပြောစေချင်တယ်။ အခမဲ့မပေးနိုင်လို့ သူ့ကို အပြစ်မတင်ဘူး။ အခမဲ့လို့ပြောပြီးတော့ အခမဲ့လို့ မပေးနိုင်ရင် အပြစ်တင်ချင်တယ်။ အတိအကျလုပ်ပါ။ လိုအပ်ရင် ဝိုင်းကူမှာပါ။ ဒီမှာ ငါတို့အဖွဲ့ ရတဲ့နေရာမှာ ရောက်နေတဲ့နေရာမှာ ဒီလိုတော့ အခက်အခဲတွေရှိနေပြီ။ ဘယ်လိုဝိုင်းဝန်းကြမလဲလို့ ပြောရမှာ။ သူကစပြီးတော့ အစိုးရပိုင်း အုပ်ချုပ်ရေးပိုင်း လုပ်ရမှာ။ မဟုတ်ဘဲနဲ့ အခမဲ့ပညာရေးတို့ မသင်မနေရတို့၊ ထားပါ။ ထားမယ်ဆို ကျနော်တို့နားမှာ မသင်မနေရလုပ်ရင် ထားစရာအများကြီးရှိတယ်။ အခုက ကြွေးကြော်သံတွေကြီးပဲ။ အဲဒါတွေက ကျန်ခဲ့ပြီ။” မေ ၂၃ ရက်ကစတဲ့ ကျောင်းအပ်နှံရေး ရက်သတ္တပတ်မတိုင်ခင် ထွက်ရှိလာတဲ့ သတင်းဂျာနယ်တိုင်းလိုလိုမှာ ဒိသတင်းတွေ ဖော်ပြခဲ့ကြပါတယ်။ ဂျာနယ်တွေမှာ  ကျောင်းတွေက အပိုကြေးကောက်ခံတဲ့ သတင်းတွေ ဖော်ပြခွင့်ရသလိုပဲ  ဝန်ကြီးရဲ့ စကားကို မလိုက်နာတဲ့ ကျောင်းတွေအပေါ် အရေးယူတဲ့ သတင်းတွေ ဖော်ပြခွင့်ရရေးကိုလည်း စာနယ်ဇင်းတွေက လိုလားနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up