ကလေးများကို လိင်ပိုင်းစော်ကားမှုဖြင့် စွပ်စွဲခံ ရိုမန်ကက်သလစ်ဂိုဏ်းချုပ်ဟောင်းအမှု ရက်ရွှေ့

ကလေးတွေပေါ်မှာ လိင်ပိုင်းမတော် မတရားပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အရင် ရိုမန်ကက်သလစ် သာသနာ ဂိုဏ်းချုပ်တဦးကို အမှုစစ်ဖို့ နာရီပိုင်းအလိုမှာ နာမကျန်းဖြစ်တာကြောင့် ဇူလိုင် ၁၁ ရက်နေ့က တရားရုံးရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
အသက် ၆၆ နှစ်အရွယ် ဂိုဏ်းချုပ်ဆရာတော် Jozef Wesolowski ဟာ ၂၀၀၈ ကနေ ၂၀၁၃ အထိ ဒိုမီနီကန် ရီပါပလစ်နိုင်ငံမှာ ကလေးတွေကို ငွေပေးလိင်ဆက်ဆံခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
လောလောဆယ် ရုပ်တရက် နာမကျန်းဖြစ်ပြီး ဆေးရုံအထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
Jozef ဟာ လိင်မတော်မတရားမှုနဲ့ ပထမဆုံးရုံးတင်ခံရတဲ့ အဆင့်အမြင့်ဆုံး ရိုမန်ကတ်သလစ်ဘုန်းတော်ကြီး ဖြစ်ပါတယ်။
ရိုမန်သာသနာအတွင်း လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုတွေကို ထိထိရောက်ရောက် ဖယ်ရှားအရေးယူမယ်လို့ ပုပ်ရဟန်းမင်းကြီးက ကတိပေးထားတာကြောင့် ဒီအမှုကို လူတွေ စိတ်ဝင်တစား စောင့်ကြည့်ကြတာပါ။
Jozef ဟာ ပိုလန်နိုင်ငံကဖြစ်ပေမေယ့် ဒိုမီနီကန် ရီပါပလစ်နိုင်ငံမှာ ဗာတီကန်ရဲ့ သံသမန်အဖြစ် စေလွှတ်ခံခဲ့ရတာပါ။
၂၀၁၃ ခုနှစ်မှာ ကလေးယောက်ျားလေးတွေကို လိင်မတော်မတရားလုပ်တဲ့အမှုနဲ့ စွပ်စွဲခံရပြီး ပြန်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
Jozef ဟာ ကလေးအပြား ဓာတ်ပုံဗွီဒီယိုတွေကို သိမ်းဆည်းထားတာတွေလည်း တွေ့ရှိခဲ့ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။
ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေ လိင်မတော်မတရားမှုတွေ ရှိပေမယ့် အရေးယူမခံရဘဲ လွတ်နေတဲ့အပေါ် အပြင်းအထန်ပြစ်တင်ဝေဖန်မှုတွေရှိတာပါ။
ဒါကြောင့် ပုပ်ရဟန်းမင်းကြီးက စွပ်စွဲခံရသူတွေကို ဗာတီကန်တရားရုံးမှာ ရုံးတင်စစ်ဆေးနိုင်ဖို့ တရားရေးစနစ် ပြုပြင်ပြောင်းလဲတာတွေ လုပ်ခဲ့ပါတယ်။