နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ကွယ်လွန်
DVB
·
May 24, 2011
အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် ဦးဆောင်ကော်မတီဝင် ကိုမင်းသူလွင် (ခေါ်) ကိုလူသစ် အသက် (၄၇) နှစ်ဟာ မေလ ၂၂ ရက် နံနက်က ဦးနှောက်သွေးကြောပြတ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ပါတယ်။
ရာသီပူလို့ ရေချိုးရာက သွေးတိုး။ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့တာလို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။
ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို ဒီလ ၂၄ ရက်နေ့ မနက် ဆယ့်တနာရီခွဲ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။
ကိုမင်းသူလွင် ကွယ်လွန်ချိန်မှာ ဇနီးသည် မနီလွင်နဲ့ ကလေးနှစ်ဦး ကျန်ရစ်ပါတယ်။
ကဗျာဆရာတဦးလည်းဖြစ်တဲ့ ကိုမင်းသူလွင် ခေါ် ကိုလူသစ်ဟာ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင်က လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတဦးဖြစ်ပြီး အလုပ်သမားသမဂ္ဂထူ ထောင်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကြောင့် နဝတလက်ထက်မှာ ထောင် (၄) နှစ် ကျခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။
အလုပ်သမားရေးရာလှုပ်ရှားမှုတွေ ပြည်တွင်းမှာဖြစ်တိုင်း၊ ဗုံးကွဲမှု ဖြစ်လေ့ရှိတဲ့အခါ သူ့ကို တကြိမ်မှာ နှစ်လသုံးလ ခေါ်ယူစစ်ကြောလေ့ရှိပြီး အနည်းဆုံး ငါးကြိမ်လောက် ခေါ်ယူစစ်ကြောခံခဲ့ရပါတယ်။