Live
Home
နိုင်ငံရေး
အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြသူအချို့ တိုက်ပိတ်ခံရ
နော်နိုရင်း
·
May 24, 2011
အင်းစိန်ထောင်တွင်း အကျဉ်းသားရပိုင်ခွင့်အတွက် ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ တိုက်ပိတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ မနက်ကစလို့ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၂၂ ဦးဟာ အကျဉ်းသားအခွင့်အရေးအတွက် အခန်းထဲက အပြင်မထွက်ဘဲ ဆန္ဒပြနေကြပါတယ်။ သူတို့ တောင်းဆိုချက်တွေကို မလိုက်လျောရင် အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ အကျဉ်းသားတွေက ထောင်အာဏာပိုင်တွေကို စာနဲ့ကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ မေလ ၂၂ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် ထောင်ဏာပိုင်တွေက သူတို့ကို လူစုခွဲတဲ့အနေနဲ့ တချို့ကို တိုက်ပိတ်လိုက်တာလို့ ထောင်အာဏာပိုင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “အဲဒီ ၂၂ ယောက် ဆန္ဒပြနေတာ ဆက်လုပ်နေတယ်။ အဲဒီ ၂၂ ယောက်ထဲက လူတချို့လည်း တိုက်ထဲရောက်သွားတယ်လို့ သတင်းထွက်လာတယ်လေ။ တိုက်ပိတ်ခံရသလိုလို၊ လူစုခွဲတဲ့သဘောပေါ့။ အဲဒါ ဘယ်နှယောက်မှန်း မသိသေးဘူး။ အသေးစိတ် ပြောဆိုဖို့က တော်တော်အခက်အခဲ ရှိပုံရတယ်။” အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသား ၂၂ ဦးဟာ ထောင်တွင်းမှာ အစားအစာနဲ့ နေရာထိုင်ခင်းအခြေအနေ ဆိုရွားတာ၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာ၊ အစိုးရအရာရှိဟောင်း အကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေ အဆင့်အတန်း ခွဲခြားထားတာ၊  မိသားစုနဲ့ ထောင်ဝင်စာတွေ့တဲ့နေရာမှာ လွတ်လပ်ခွင့် မရှိတာတွေအပေါ်မှာ မကျေနပ်တဲ့အကြောင်း ထောင်အာဏာပိုင်ထံကို တရားဝင်စာပို့ခဲ့တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024