လိပ်ကျွန်းအမှု အခင်းဖြစ်နေရာမှ သက်သေများ ပြန်စစ်ရန် တရားရုံးအမိန့်ချ

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
ထိုင်းလိပ်ကျွန်းလူသတ်မှုအတွက် အခင်းဖြစ်ပွားရာနေရာက ကျန်နေတဲ့ မူခင်းဆေးပညာဆိုင်ရာ သက်သေတွေကို ပြန်စစ်ဆေးဖို့ ထိုင်း ကော့စမွီခရိုင် တရားရုံးက အမိန့်ချလိုက်ပါတယ်။ အစိုးရ တရားလိုတွေက စုံစမ်းစစ်ဆေးတဲ့သူတွေနဲ့ အတူအလုပ်လုပ်ပြီး ပေါက်ပြားအပါအ၀င် သက်သေအားလုံးကို မှုခင်းဆေးပညာနဲ့ ပြန်လည်စစ်ဆေးဖို့အတွက် တရားရေးဝန်ကြီးဌာနရဲ့အောက်က မှုခင်းဆေးပညာသိပ္ပံအဖွဲ့ကို ပေးပို့ရမယ်လို့ ဆူရတ်ဌာနီမှာရှိတဲ့ တရားရုံးက ဇူလိုင် ၁၀ ရက်မှာ အမိန့်ထုတ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။ ဗြိတိန် ၂ ဦး သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရှေ့နေများကောင်စီက  ရှေ့နေတွေက ခုခံချေပပေးနေတာ ဖြစ်ပါတယ်။ ဗြိတိန်က မှုခင်းဆေးပညာနဲ့ အလောင်းခွဲစိတ် စစ်ဆေးတဲ့ ထုတ်ပြန်ချက်တွေက ထိုင်းရဲ့ စစ်ဆေးချက်တွေနဲ့ ကွဲလွဲနေတယ်လို့ ခုခံချေပပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ ခုခံချေပပေးနေတဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် နာခွန် ချောင်ဖူးချတ်ကတော့ နောင်ပိုင်း တရားရုံးမှာ သက်သေထွက်ဆိုမယ့် ခွဲစိတ်ခန်း အရာရှိတွေ စစ်ဆေးနေတဲ့ တခြား အရေးပါတဲ့ ဒီအန်အေ သက်သေကတော့ စောင့်ရမယ်လို့ ပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲကလည်း ဒီအန်အေ သက်သေတွေကို ပြန်လည် စစ်ဆေးဖို့ကတော့ ဖြစ်နိုင်ချေရှိတယ်လို့ ပြောပါတယ်။ အရင် စက်တင်ဘာက ဗြိတိန်နိုင်ငံသား မေလာနဲ့ ဟန်နာတို့ လိပ်ကျွန်းမှာ အသတ်ခံလို့ သေဆုံးခဲ့ပြီးနောက်  မြန်မာ ၂ ဦးကို ရဲတွေက ဖမ်းဆီးပြီး တရားရုံးမှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up