အရှေ့ဂျာဗားကျွန်း မီးတောင် ပေါက်ကွဲမှုကြောင့် လေဆိပ် ၅ ခု ယာယီပိတ်

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားကျွန်းပေါ်က Raung မီးတောင်ပေါက်ကွဲမှုဖြစ်နေလို့ မီးတောင်အနီး ပတ်ဝန်းကျင်က လေဆိပ် ၅ ခုကို အင်ဒိုနရီးရှားအာဏာပိုင်တွေက ဇူလိုင် ၁၀ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပါတယ်။
လေဆိပ် ၅ ခုထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားဝင်ထွက်တဲ့ နာမည်ကျော် အပန်းဖြေဘာလီကျွန်းနဲ့ လွန်ဘွခ်ကျွန်းပေါ်က လေဆိပ်တွေဖြစ်ကြပါတယ်။
မီးတောင်ဟာ လွန်ခဲ့တဲ့ တပတ်လောက်က စတင်ပေါက်ကွဲနေတာဖြစ်ပြီး သြစတြေးလျနိုင်ငံနဲ့ ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ် အများအပြား ဖျက်သိမ်းထားပြီးဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက်နေ့က ဘာလီလေဆိပ်မှာ ခရီးသည် ၁၀၀ ကျော် သောင်တင်နေကြပြီး ဒီနေ့မနက် ခရီးစဉ်တွေကို ပြန်စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
သြစတြေးလျနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တဦးကတော့ မီးတောင်ပြာလေနဲ့ လွှင့်ပျံ့သွားမယ့်အချိန်အထိ စောင့်ရတာကလွဲလို့ ဘာမှမတတ်နိုင်ဘူး၊ ဒီမီးတောင်ပြာတွေရှိနေတဲ့အချိန်မှာတော့ လေယာဉ်မစီးချင်ဘူးလို့ ပြောပါတယ်။
အခုယာယီပိတ်လိုက်တဲ့လေဆိပ် ၅ ခုကတော့ ဘာလီကျွန်းလေဆိပ်၊ လွန်ဘွခ်ကျွန်းပေါ်က လေဆိပ် ၂ ခုနဲ့ အရှေ့ဂျာဗားကျွန်းပေါ်က လေဆိပ် ၂ ခုတိုဖြစ်ကြပါတယ်။
အင်ဒိုနိးရှားနိုင်ငံပိုင် ဂရူဒါ အင်ဒိုနီးရှား Garuda Indonesia လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်တွေကိုလည်း လောလောဆယ်ဖျက်သိမ်းထားရပါတယ်။